Tuesday, May 1, 2012

AFFM မှတာဝန်ခံ ဦးခင်မောင်ဦး နှင့် MITU ဥက္ကဌ ကိုရဲကျော်သူတို့အားမေဒေးနေ့ အခမ်းအနားပြုလုပ်ခြင်းနှင့် ပတ်သတ်၍ မေးမြန်းခြင်း။

၁ရက် မေလ ၂၀၁၂ခုနှစ်
၂၀၁၂ခုနှစ် မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို
မြန်မာနိုင်ငံစက်မှုဇုံ အလုပ်သမားသမဂ္ဂ (MITU)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ
လယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ (AFFM) တို့မှ ပူးပေါင်းပြီး ရန်ကုန်မြို့၊ ရွေဂုံတိုင်လမ်း၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ နံနက် ၉နာရီကနေ 
၁၁ နာရီအထိ ကျင်းပခဲ့ပါတယ်။

မေးဒေးနေ့အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ
လယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ (AFFM) စည်းရုံးရေးအဖွဲ့တာဝန်ခံ 
ဦးခင်မောင်ဦးကို သူတို့ အလုပ်သမားသမဂ္ဂတွေ ပူပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တဲ့ မေဒေးနေ့အခမ်းအနားအကြောင်းကို မေးမြန်းခွင့်ရခဲ့ပါတယ်။



မေး။      ။ အခမ်းအနားကို ဘယ်သူတွေ တက်ရောက်ပါသလဲ ဆရာ၊
ဦးခင်မောင်ဦး။      ။ဟုတ်ကဲ့ ခင်ဗျား ကျွန်တော် တို့ ဖိတ်တဲ့ အဖွဲ့အစည်းတွေတက်ရောက်တာရှိသလို သ၀ဏ်လွှာပို့ တာလည်း ရှိပါတယ်၊
 
မေး။      ။ ဘယ်အဖွဲ့အစည်းတွေဆိုတာ ပြောပြလို့ရမလားရှင်၊
ဦးခင်မောင်ဦး။      ။ဟုတ်ကဲ့ ဒီမှာ ကျွန်တော်တို့ကို  သ၀ဏ်လွှာ ပို့တဲ့အဖွဲ့အစည်းတွေရှိပါတယ်၊ ဘယ်အဖွဲ့တွေလည်းဆိုတော့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ ကျွန်တော်တို့AFFM အဖွဲ့ခွဲတွေကနေ ပို့တာ ရှိပါတယ်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း ရခိုင်ပြည်နယ် စစ်ကိုင်းတိုင်း စတဲ့ AFFMအဖွဲ့ခွဲတွေက သ၀ဏ်လွှာပို့ပါတယ်၊ ကျွန်တော်တို့ဒီအလုပ်သမားရေး လှုပ်ရှားသူများ Labour action live အဖွဲ့က သ၀ဏ်လွှာ ပို့ပါတယ်၊ နောက်နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့(နိုင်/ကျဉ်း) ကလည်း သ၀ဏ်လွှာပို့ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂကလည်းသ၀ဏ်လွှာပို့ပါတယ် နောက်တခါ ITUC အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ကြီးက သ၀ဏ်လွှာပို့ပါတယ်။

မေး။       အခု တက်ရောက်တဲ့ လူဦးရေပေါင်း  ဘယ်လောက်ရှိပါသလဲရှင်။
ဦးခင်မောင်ဦး။      ။ဟုတ်ကဲ့ ကျွန်တော်တို့ အခု တော်ဝင်နှင်းဆီမှာကျင်းပတာ လူပေါင်း၅၀၀ကျော်ပါတယ်၊ အခြားနေရာတွေမှာ ကျွန်တော်တို့ တပြိုင်တည်းကျင်းပတာ ရှိတယ်ခင်ဗျ။ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်မှာလည်း AFFM ကလည်း မေဒေးနေ့ကိုကျင်းပါတယ် အဲ့ဒီ့မှာလည်း လူဦးရေ ၅၀၀ကျော်လောက် တက်ရောက်ပါတယ်၊ ရခိုင်ပြည်နယ် ဂွမြို့နယ်မှာလည်း AFFM ဒု-ဥက္ကဌ ဦးစိုးလင်းက ဦးဆောင်ပြီးကျင်းပပါတယ်။ အခု ကျွန်တော်တို့ တော်ဝင်နှင်းဆီမှာတော့ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေက ကျင်းပတယ်ပေါ့ခင်ဗျာ နေရာ  တခုတည်းမှာပဲ အဖွဲ့ဝင် ၅၀၀ကျော် တက်ရောက်ပါတယ်။ ကျနော်တို့ ကျင်းပတဲ့ နေရာ ၃ ခုလုံးမှာ လူဦးရေပေါင်း ၅၀၀ ကျော်စီတက်ရောက်ပါတယ်ခင်ဗျ။

မေး။      ။ ဟုတ်ကဲ့ အဲ့ဒီမှာ ဘယ်သူတွေ မိန့်ခွန်းပြောပါသလဲ။
ဦးခင်မောင်ဦး။      ။ကျွန်တော်တို့ရန်ကုန်မှာ တော်ဝင်နှင်းဆီမှာတော့ ကရင်ပြည်နယ်က ဦးစောသိန်းကနေပြီးတော့ ဒီမှာသဘာပတိလုပ်ပြီးတော့ အဖွင့် မိန့်ခွန်းကိုပြောပါတယ်။ ပြီးတော့ တိုင်းနဲ့ ပြည်နယ် အသီးသီးကလည်း အဆိုတွေကို တင်သွင်းပါတယ်၊ အဲ့ဒီ အဆိုတွေကို ကျွန်တော်တို့ ဆုံးဖြတ်ချက်ချကြပါတယ်။

မေး။      ။ ဟုတ်ကဲ့ပါဆရာ၊ ဆရာတို့ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဒီလိုမေဒေးနေ့ကိုပြုလုပ်တာပါလဲရှင်၊
ဦးခင်မောင်ဦး။      ။ဟုတ်ကဲ့ ဒီမေဒေးနေ့ကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ကျင်းပရလဲဆိုတော့ ကျွန်တော်တို့ ဗမာပြည်မှာ ပွင်းလင်းမြင်သာတဲ့ အပြောင်းအလဲ တရပ်ကို အစိုးရကနေပြီး စတင်ပြောင်းလဲလာပြီဆိုတဲ့ အခြေအနေမှာ ပထမဦးဆုံးကြုံကြိုက်တဲ့ အခမ်းအနားလည်းဖြစ်တယ်ပေါ့ဗျာ နောက်တချက် ကျွန်တော်တို့ကို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ မှတ်ပုံတင်ခွင့်တွေ ပေးလိုက်ပြီဆိုတဲ့ နိုင်ငံတော် အစိုးရရဲ့ ခွင့်ပြုချက်ကိုရပြီးနောက် ဒါက ကြုံရတဲ့ အခမ်းအနားပါ ဒီလို အခမ်းအနားမှာ ဘာရည်ရွယ်ချက်နဲ့ ကျင်းပရသလဲဆိုရင် အလုပ်သမား၊ လယ်သမားတွေရဲ့ အကျိုး၊ အလုပ်သမား၊ လယ်သမားတွေရဲ့ နစ်နာမှု အဲ့ဒါတွေကို ကျွန်တော်တို့ အလုပ်သမား၊ လယ်သမားတွေကိုယ်တိုင် စွမ်းဆောင်ပေးမှ အောင်မြင်မှုရရှိလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်၊ အဲ့ဒီအတွက် လည်း ကျွန်တော်တို့ အလုပ်သမား၊ လယ်သမားတွေကိုယ်တိုင် အစုအဖွဲ့ ဖွဲ့စည်းဖို့လိုတယ်ဆိုတဲ့ အခြေအနေမှာ ကျွန်တော်တို့လွတ်လပ်စွာဖွဲ့စည်းခွင့်နဲ့ မှတ်ပုံတင်ခွင့်တွေ အမြန်ဆုံးရရ မယ်၊ မှတ်ပုံတင် လျှောက်တဲ့ အဖွဲ့အစည်းတွေကို မှတ်ပုံတင်တောင်းဆိုတာ ချပေးဖို့ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ဒီကနေ့ကို ကျင်းပတာ ဖြစ်ပါတယ်၊

မေး။      ။ ဟုတ်ကဲ့ ဒီပွဲကိုတက်ရတဲ့ အတွက် ဆရာရဲ့ စိတ်ထဲမှာ ဘယ်လိုများခံစားရပါသလဲ။ မေဒေးအတွက် အမှတ်တရ စကားတခုခုပြောပေးပါလား။
ဦးခင်မောင်ဦး။      ။ဟုတ်ကဲ့ အမှတ်တရ စကားအနေနဲ့ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ အလုပ်သမား၊ လယ်သမားတွေရဲ့ အခွင့်အရေးတွေကို ဒီကနေ့ အချိန်ခါကနေစပြီး ရရှိလာဖို့ မျှော်လင့်ပါတယ်၊ အစိုးရကလဲ အဲ့ဒါတွေကို လိုလိုလားလားနဲ့ လုပ်ဆောင်ပေးလိမ့်မယ်လို့ ယုံကြည်တယ်၊ ရှေ့နေတွေ၊ နိုင်ငံရေးအစုအဖွဲ့ပါတီတွေ၊ လွှတ်တော်ထဲမှာရှိတဲ့ အမတ်တွေက အစ ကျွန်တော်တို့ အလုပ်သမား၊ လယ်သမားတွေရဲ့ ကြုံဆုံနေရတဲ့ အခက်အခဲ၊ ပြ\နာရပ်တွေကို နားလည်းမှုရှိရှိနဲ့ ကျွန်တော်တို့မေဒေးနေ့ကျင်းပပြီးတောင်းဆိုတဲ့ အပေါ်မှာ စာနာထောက်ထားတဲ့ အနေနဲ့ အခွင့်အရေးတွေရရှိအောင် ကြိုးပမ်းပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ၊

မေး။      ။ ဟုတ်ကဲ့ ဒီကနေ့ကျင်းပတဲ့ ပွဲမှာ အတားအဆီးတွေ ရှိပါသလား၊
ဦးခင်မောင်ဦး။      ။ကျွန်တော်တို့ ဒီမှာတော့ အတားအဆီးရယ်လို့ ဘာမှ ပြောစရာ မရှိပါဘူးခင်ဗျာ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာရပ်ကွက်ဆိုင်ရာ၊ မြို့နယ်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း သူ့ဟာနဲ့သူ နားလည်မှုရှိရှိနဲ့ပဲရှိနေပါတယ် ကျွန်တော်တို့ကို အထူးတလည်းလာရောက်မေးမြန်းခြင်းတွေတောင်မရှိပါဘူး၊ သို့သော်လုပ်ထုံးလုပ်နည်း လုပ်နေကျ သဘောအနေနဲ့ ထောက်လှမ်းတဲ့ သဘောမျိုး လာပြီးကြည့်တာတော့ရှိတာပေါ့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ၀တ္တရားအရ  သာမာန်အတိုင်းပဲ တွေ့ရပါတယ်၊ ကျွန်တော်တို့ကို အေးအေးဆေးဆေးကြည့်ပြီးတော့ ပြန်သွားကြပါတယ်၊ ကျွန်တော်တို့ကို ခုချိန်ထိတော့ ဟန့်တားတာမျိုး၊ နှောက်ယှက်တာမျိုးမရှိပါဘူး၊ အခုလို အခမ်းအနားမျိုး ကျင်းပခွင့်ရတဲ့ အတွက်ပေါ့နော် ခင်ဗျားတို့ကနေတဆင့် နိုင်ငံတော် အုပ်ချုပ်ရေးအာဏာပိုင်းကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ခင်ဗျ။

ဒါကတော့ AFFM ရဲ့ အဖွဲ့ဝင် စည်းရုံးရေးဌာနက (အဖွဲ့ခေါင်းဆောင်) တာဝန်ခံ ဦးခင်မောင်ဦးပဲ ဖြစ်ပါတယ်။

နောက်တစ်ခါ MITU ဥက္ကဌ ကိုရဲကျော်သူကိုလည်း မေဒေးနေ့ အခမ်းအနားပြုလုပ်ခြင်းနဲ့ ပတ်သတ်ပြီးလည်း မေးမြန်းခွင့်ရခဲ့ပါတယ်။

မေး။      ။ ဒီပွဲကို တက်ရောက်ရတဲ့ အတွက် ဘယ်လိုများ စိတ်ထဲ ဘယ်လိုခံစားရလဲ၊
ကိုရဲကျော်သူ။       ။ ပထမဆုံးအကြိမ် လုပ်ခွင့်ရတဲ့ အတွက်ဝမ်းသာမိတယ်ပေါ့ဗျာ၊ ဒါဟာ နှစ်၅၀ ပတ်ဝန်းကျင် အတွင်းမှာ ကျွန်တော်တို့ စတင်လုပ်ဆောင်နိုင်တယ်ဆိုတော့အလုပ်သမားတွေအားလုံးရဲ့ ကိုယ်စားဝမ်းသာမိပါတယ်။

မေး။      ။ ဟုတ်ကဲ့ ဒီပွဲကို ဘယ်လိုမြင်ပါသလဲ၊ အဆင်ပြေလားပေါ့၊
ကိုရဲကျော်သူ။       ။ ဟုတ်ကဲ့ အဆင်ပြေပါတယ်ခင်ဗျ၊ ကျွန်တော်တို့ စီစဉ်ထားတဲ့ အတိုင်း အောင်အောင်မြင်မြင်လေး လုပ်ဆောင်နိုင်ပါတယ်ခင်ဗျ။ အဲ့ဒီအတွက်လည်း အရမ်းကို ဂုဏ်ယူမိပါတယ်ခင်ဗျ၊

မေး။      ။ ဒီမေဒေး အတွက်ပေါ့နော် အမှတ်တရ စကားတခုခုပြောနိုင်မလား။
ကိုရဲကျော်သူ။       ။ ဟုတ်ကဲ့ ခင်ဗျ၊ ဒီမေဒေးနေ့ကနေ အမှတ်တရ စကားပြောပေးရမယ်ဆိုရင် ကျွန်တော်တို့ ဒီမြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမား၊ လယ်သမားအဖွဲ့အစည်းတွေ  free ပေါ့နော် လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီး ပေါ်ထွန်းလာနိုင်ပါစေလို့ပြောချင်ပါတယ်ခင်ဗျ။ ဒါတဖက်က ကြည့်ရင်လည်း လူမှုအဖွဲ့အစည်းပဲဗျ၊ အဲဒီအတွက် အဖွဲ့အစည်းတွေပေါ်ပေါက်လာဖို့ ကျွန်တော်တို့ ကြိုးစားတယ်၊ ကူညီတယ် အဲဒီအတွက်လညး ကျွန်တော်တို့ တစိုက်မတ်မတ်ကြိုးစားဖို့ ဒီနှစ်က စပြီးအကောင်အထည်ဖော်နေပါ တယ်ခင်ဗျ။

အပြည်ပြည်ဆိုင်ရာ မေဒေးနေ့ ကမ္ဘာ့အလုပ်သမားနေ့မှာပြောချင်တာကတော့ မြန်မာပြည်မှာ အလုပ်မပိတ်တဲ့ စက်ရုံတွေရှိတယ်ခင်ဗျ အဲလို မပိတ်တဲ့ အတွက်ဒီအခမ်းအနားကိုမတတ်ရောက်နိုင်တဲ့ အလုပ်သမားတွေအတွက် ကျွန်တော်တို့ အရမ်းပဲ စိတ်မကောင်းဖြစ်မိပါတယ်၊ အဲ့ဒိအတွက် နိုင်ငံတော်ကိုလည်း တောင်းဆိုချင်ပါတယ်၊ အစိုးရရုံးပိတ်ရက်တွေမှာ ကျွန်တော်တို့ရဲ့ အလုပ်သမားတွေ အကုန်လုံး ကာယ၊ ဥာဏ အလုပ်သမားတွေ အားလုံးအတွက် တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျား။

ဒါကတော့ MITU ဥက္ကဌ ကိုရဲကျော်သူ ပြောသွားတာပါ။ တခါဆက်ပြီး AFFM နဲ့MITU က အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ဆုံးဖြတ်ချက်() ရပ်ချမှတ်ခဲ့တဲ့ အကြောင်းလည်း သူကဆက်ပြောပါတယ်။

ကိုရဲကျော်သူ။       ။ ပူးတွဲ ဆုံးဖြတ်ချက် (၇) ချက်---
၁၊ နေရာစီမခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းရာတွင် အဂတိလိုက်စားမှုကင်းရှင်းစေပြီး အလုပ်သမား၊  လယ်သမား အဖွဲ့အစည်းများ ကာကွယ်နိုင်စေရန် လွတ်လပ်သော တောင်သူလယ်သမားအလုပ်သမားအဖွဲ့မျာမှ ကိုယ်စားလှယ် များ ပါဝင်ခွင့်ရန် ဆုံးဖြတ်သည်၊

၂၊ အလုပ်သမား၊ လယ်သမား အခွင့်အရေး ဥပဒေရေးဆွဲရာတွင် လွတ်လပ်သော အလုပ်သမားနှင့် တောင်သူလယ်သမားအဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ပြီးရေးဆွဲရန် ဆုံးဖြတ်သည်၊

၃၊ အဓမ္မလုပ်အားခိုင်းစေခြင်းနှင့် ကလေးစစ်သားစုဆောင်းခြင်းအပေါ် သုံးနှစ် သက်တမ်းတိုး တောင်းဆိုခြင်းအပေါ် ချက်ခြင်း ရပ်တန့်ပေးရန် ကန့်ကွက်သည်၊

၎၊ အစိုးရ ရုံးပိတ်ရက်တွင်ကာယ၊ ဥာဏ အလုပ်သမား အားလုံးရုံးပိတ်ရက်နှင့် လုပ်ခလစာ အပြည့်ရရှိရန် ဆုံးဖြတ်သည်၊

၅၊ လွတ်လပ်သော သမဂ္ဂအဖွဲ့အစည်းများ ပေါ်ထွန်းခြင်းအပေါ် ကန့်သတ်ချုပ်ခြယ်မူများကို အမြန်ဆုံးဖြတ်သိမ်း ပေးရန် တောင်းဆိုသည်၊

၆၊ ကလေးအလုပ်သမားများပပျောက်ရေးနှင့် အခမဲ့ ပညာသင်စနစ်ပေါ်ထွန်းလာစေရန် ဆုံးဖြတ်သည်၊

၇၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဒဂုံမြို့သစ်မြို့နယ်မှ လယ်ယာမြေများအားနောက်ကို မသိမ်းတော့ပါဟုမီဒီယာများမှ ပြောကြားခဲ့သော်လည်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှ ညောင်ပင်ကြီးကျေးရွာ၊ သနပ်ပင်၊ ဒလက်တန်းကျေးရွာများအား လယ်ယာမြေများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး အမိန့်ဖြင့်  စီမံကိန်း အကြောင်းပြချက်ဖြင့် ၃၀-၄-၂၀၁၂ နောက်ဆုံးထားဖယ်ရှားပေးရန်နှင့် မဖယ်ရှားပေးပါက မြေတူးစက်ကြီးများဖြင့် ဖယ်ရှားမည်ဟု ခြိမ်းခြောက်နေမှုများကို ကျွန်တော်တို့  MITU နှင့် AFFM မှ အပြင်းအထန် ကန့်ကွက်ကြောင်းဆုံးဖြတ်သည်။

ဒါကတော့ ၁၂၂ ကြိမ်မြောက် အလုပ်သမားသမဂ္ဂတွေစုပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပခွင့်ရခဲ့တဲ့ အပြည်ပြည်ဆိုင်ရာကမ္ဘာ့အလုပ်သမားနေ့မှာ အလုပ်သမားခေါင်းဆောင်တချို့ကို ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

No comments:

Post a Comment