Wednesday, November 9, 2011

မြန်မာရေဘေးဒုက္ခသည်များကို FTUB နှင့် PVA သွားရောက်လှူဒါန်း

၉ နိုဝင်ဘာလ ၂၀၁၁
ထိုင်းနိုင်ငံ၊ တ ခရိုင်၊ မဲဆောက်မြို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးရုံးကို ရောက်ရှိလာတဲ့ မြန်မာရေဘေး
ဒုက္ခသည်တွေ အတွက် ထမင်းထုတ်နဲ့ရေတွေကို FTUB (မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်)
နဲ့ PVA (ပြည်သူ့စေတနာ ၀န်ထမ်းအသင်း) တို့က ဒီကနေ့မနက်မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ၀င်ရောက်အလုပ်လုပ်ကိုင်ပြီး ရေဘေးကြောင့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ကို
နိုဝင်ဘာလ (၈) ရက်နေ့မှာ ရောက်လာကြတဲ့ ပြည်နယ်အသီးသီးက မြန်မာနိုင်ငံသား အရေအတွက်ဟာ
အယောက် (၈၀၀) ကျော်လောက်ရှိပါတယ်။ သူတို့တွေဟာ လောလောဆယ်မှာ အစားအသောက်တွေမှာ
အခက်အခဲရှိနေတဲ့အတွက် ထမင်းထုတ်နဲ့ ရေတွေကို သွားရောက်လှူဒါန်းတာ ဖြစ်တယ်လို့ FTUB မှာ
ကလေးစစ်သားကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ခံဆောင်ရွက်နေတဲ့ ဦးကျော်သက်က ပြောပါတယ်။

“အခုရောက်လာတဲ့ ရေဘေးဒုက္ခသည် တချို့ဆိုရင် ထမင်းတောင်မစားရသေးဘူးလေ၊ ကျနော်တို့ကို
ထိုင်းလူဝင်မှု ကြီးကြပ်ရေးအရာရှိတွေကလည်း ၀မ်းပမ်းတသာ ကြိုဆိုတယ်၊ လာရောက်ကူညီတဲ့ အဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း မြန်မာရေဘေး
ဒုက္ခသည်တွေကိုထားတဲ့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးရုံးက အချုပ်ထဲကိုလည်း ကိုယ်တိုင်ဝင်ပြီး
ထမင်းထုတ်နဲ့ရေတွေကို ကူညီခွင့်ရခဲ့တယ်၊ နောက်နောင် ကိုလည်း ဆက်ပြီး လှူဒါန်းဖို့ ရှိတယ်” လို့
ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တဲ့ ဦးကျော်သက်က ပြောပါတယ်။

မြန်မာရေဘေးဒုက္ခသည်တွေကို ဒီကနေ့ညနေပိုင်းမှာ မြ၀တီဘက်ကို ပိတ်ထားတဲ့ ချစ်ကြည်ရေးတံတား
ပေါ်ကနေ တဆင့် ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။

မြန်မာရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းချင်တဲ့ အလှူရှင်တွေရှိခဲ့ရင် FTUB မှာ ကလေးစစ်သားကိစ္စနဲ့
ပတ်သက်ပြီး တာဝန်ခံဆောင်ရွက်နေတဲ့ ဦးကျော်သက်ကို ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်ရန်ဖုန်းနံပါတ်
087-0931-447

No comments:

Post a Comment