Sunday, March 4, 2012

တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမားများသမဂ္ဂ မှတ်ပုံတင်နိုင်ရေးအတွက် ဆွေးနွေး

၎ရက် မတ်လ ၂၀၁၂ခုနှစ်
တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမားများသမဂ္ဂ မှတ်ပုံတင်နိုင်ရေးအတွက် တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂ အလုပ်အမှုဆောင်များအပါအ၀င် အဖွဲ့ဝင် (၁၅) ယောက်နဲ့ တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမားများသမဂ္ဂရဲ့ ဥပဒေအကြံပေး ဦးဌေးတို့ လှိုင်သာယာ (၅) ရပ်ကွက်က ဦးဌေးနေအိမ်မှာ ဒီကနေ့မနက် ၉ နာရီကနေ ၁၂ နာရီအထိ အစည်းအဝေးကျင်းပခဲ့ပါတယ်။ 
  
တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမားများ သမဂ္ဂရဲ့ ဥပဒေအကြံပေးအနေနဲ့ ဒီအခြေခံအလုပ်သမားသမဂ္ဂကို ဥပဒေနဲ့ ညီညွတ်အောင်၊ ဥပဒေနဲ့အညီ မှတ်ပုံတင်နိုင်ဖို့အတွက် အခြေခံအလုပ်သမားခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာ ဖြစ်တယ်လို့ ဦးဌေးကဆိုပါတယ်။

“ တိုင်ရီဖိနပ်စက်ရုံအလုပ်သမားတွေက သူတို့ရဲ့အလုပ်သမားသမဂ္ဂကို ၂ ရက်နေ့က ဖွဲ့စည်းလိုက်တယ်။ အဲဒါကို နိုင်ငံတော်ကနေ ပြဌာန်းလိုက်တဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေတွေရှိတယ်။ နောက်ပြီးတော့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေထွက်တဲ့အခါကျတော့ အဲဒါတွေနဲ့ တရားဝင်မှတ်ပုံတင်ဖို့ ဆွေးနွေးတာဖြစ်ပါတယ်။ မှတ်ပုံတင်နိုင်ဖို့အတွက် ဥပဒေနဲ့အညီ လိုအပ်တာတွေကို လုပ်ပေးတာပါ။”

တိုင်ရီမှာရှိတဲ့အလုပ်သမားတွေကနေပြီးတော့ ဆန္ဒပြတဲ့အလုပ်သမားတွေထဲက ၁၀၀ ကျော်ကနေ အခြေခံအလုပ်သမားသမဂ္ဂဖွဲ့စည်းဖို့ ဆုံးဖြတ်ပြီး လက်မှတ်ထိုးခဲ့ကြပါသည်။ အဲဒီဆုံးဖြတ်ချက်နဲ့အညီ မတ်လ ၂ ရက်နေ့တွင် အခြေခံအလုပ်သမားသမဂ္ဂကို ဖွဲ့စည်းကြောင်းနဲ့ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းကြောင်းကို အဖွဲ့ဝင် ၃၅ ဦးကနေ လက်မှတ်ထိုးပြီးဆုံးဖြတ်ခဲ့ပါသည်။

ဖွဲ့စည်းပုံအသစ်နဲ့ အစိုးရအသစ်က ပေါ်လာပြီးဆိုပေမယ့် အလုပ်သမားအဖွဲ့အစည်းတွေမရှိတဲ့အခါမှာ အလုပ်သမားတွေက အလုပ်ရှင်နဲ့ ပြသနာတွေပေါ်ပေါက်တဲ့အခါမှာ ဦးစီးဦးဆောင်လုပ်ဖို့ အခက်အခဲ ရှိကြောင်း ဥပဒေအကြံပေး ဦးဌေးက ပြောပါတယ်။

“ အရင်ဖြစ်ခဲ့တဲ့ ကိစ္စတွေဆိုရင် သက်ဆိုင်ရာအလုပ်ရုံတွေမှာ အလုပ်သမားတွေရဲ့ ခံစားခွင့်အခွင့်အရေး အတွက် ဆန္ဒပြတောင်းဆိုတာတွေ၊ တောင်းဆိုပြီးတဲ့အခါ အထိုက်အသင့်ရတာလည်းရှိတယ်။ ဒါပေမယ့် ဦးဆောင်တောင်းဆိုတဲ့သူတွေက အလုပ်ဖြုတ်ခံရတာတွေရှိတယ်။ အခုအလုပ်သမားအဖွဲ့အစည်း ဥပဒေ ပေါ်လာပြီးတဲ့အခါမှာ အလုပ်သမားတွေက မိမိတို့ရဲ့အခွင့်အရေးတွေ ၊ အကျိုးခံစားခွင့်တွေ တောင်းဆိုတဲ့နေရာမှာ ဥပဒေနဲ့အညီ အခြေခံအလုပ်သမားအဖွဲ့အစည်းတွေ မှတ်ပုံတင်လာကြတာ ဖြစ်ပါတယ်။ တိုင်ရီအလုပ်သမားစက်ရုံကလည်း ပြီးခဲ့တဲ့ လ ၆ ရက်နေ့ကတည်းက ဆန္ဒပြလာကြတာ ကြိုးစားလာကြပြီးတော့ အခု မြန်မာပြည်မှာ ပထမဆုံး အခြေခံအလုပ်သမားသမဂ္ဂကို ဖွဲ့စည်းလာနိုင်တာဖြစ်တယ်။ အဲဒါကို မှတ်ပုံတင်နိုင်အောင် အလုပ်သမားတွေ ကိုယ်တိုင်ကလည်း ဆောင်ရွက်နေတာဖြစ်တယ်။“ ဟု ဦးဌေးက ပြောပါတယ်။
တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခ တနာရီလျှင် ၁၅၀ ကျပ်၊ ရက်မှန်ကြေး ၈,၀၀၀ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး စတဲ့ တောင်းဆိုချက် (၇) ချက်ကို  ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ကတည်းက တောင်းဆိုထားသော်လည်း အလုပ်ရှင်မှ လိုက်လျောခြင်းမရှိခဲ့ပါ။ အဲဒီအတွက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ မရမ်းကုန်းမှာရှိတဲ့ အစိုးရရဲ့ အလုပ်သမားအရေး ဆောင်ရွက်ပေးတဲ့ ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံးမှာ တင်သွင်းလျှောက်ထားခဲ့ကြတာဖြစ်ပြီး မတ်လ ၁ ရက် ကြာသပဒေးနေ့က ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံးက အလုပ်သမားတစ်ဦးကို တခြား ခံစားခွင့်မပါပဲ အနည်းဆုံး လစာငွေ ငါးသောင်း တစ်ထောင် သတ်မှတ်ပြီး ဆုံးဖြတ်ချက်ချပေးလိုက်သည်။

No comments:

Post a Comment