Wednesday, June 15, 2011

ကွေ့။ အဲဒီကွေ့ (အပိုင်း ၁)


စကတည်းက ဒီပွဲက မမျှတဲ့ပွဲပါ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် ( ILO ) ရဲ့ အကြိမ် ၁၀၀ မြောက် ညီလာခံကြီးရဲ့ ၄ ရက်မြောက်နေ့ စနေနေ့၊ ၂၀၁၁ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ မြန်မာနိုင်ငံမှာ အဓမ္မအလုပ်ခိုင်းစေမှု ဆက်လက်တည်ရှိနေတဲ့အတွက် အထူးအစည်းအဝေးတရပ်ကျင်းပပါတယ်။ မနက် ၁၀ နာရီထိုးလို့ စစချင်း မြန်မာအစိုးရ ကိုယ်စားလှယ်က စပြီး မြန်မာနိုင်ငံအစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် အိုင်အယ်အိုနဲ့ လက်တွဲပြီး အဓမ္မ အလုပ်ခိုင်းစေမှု ပပျောက်ရေးအတွက် လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ အောင်မြင်မှုအခြေအနေတွေကို တင်ပြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တင်ပြလာတာကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုစုပေါင်း ၁၃၅ မျိုး၊ လူမျိုးကြီး ၈ မျိုး ရှိပါကြောင်း၊ အဲဒီအထဲမှာ ဗမာ က ၈၀ ရာခိုင်နှုန်းရှိကြောင်း၊ အောင်မြင်တဲ့ ရွေးကောက်ပွဲတွေပြုလုပ်ပြီး အဆင့်ဆင့် ကူးပြောင်းနေပါကြောင်း အစရှိသဖြင့် ဗရမ်းဗတာ တင်ပြ သွားပါတယ်။ ညီလာခံကြီးတခုလုံးက မျှော်လင့်ထားတာက ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ နဲ့၂၀၁၁ ခုနှစ် မတ်တွေမှာ အိုင်အယ်အို အုပ်ချုပ်ရေးအဖွဲ့က ချမှတ်ထားတဲ့ မြန်မာအစိုးရအနေနဲ့ မဖြစ်မနေ လိုက်နာကျင့်သုံးရမည့်အချက်တွေနဲ့ပတ်သက်ပြီး လိုက်နာကျင့်သုံးသလား၊ လိုက်နာကျင့်သုံးတဲ့အခါမှာ ထင်သာမြင်သာဖြစ်တဲ့ တိုးတက်မှု၊ တိုင်းတာမှုစတဲ့ အချက်တွေကို တင်ပြလာမယ်လို့ ထင်ထားကြတာ အားလုံး တလွဲစီဖြစ်သွားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်ကြီးမှာ ပင်မအခြေခံ အစုအဖွဲ့ ၃ ဖွဲ့ရှိပါတယ်။ အဖွဲ့ဝင် နိုင်ငံအားလုံး ရဲ့အစိုးရကိုယ်စားလှယ်များက တဖွဲ့ (အလုပ်သမားဝန်ကြီး၊ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်၊ အလုပ်သမားဝန်ကြီးဌာနက အရာရှိကြီးတွေ)၊ အလုပ်ရှင်အစုအဖွဲ့ (နိုင်ငံတိုင်း မှာ လုပ်ငန်းရှင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့) အလုပ်သမားကိုယ်စားလှယ် အစုအဖွဲ့ (အလုပ်သမား သမဂ္ဂကိုယ်စားလှယ်တွေ) နဲ့ ဖွဲ့စည်းထားတာပါ။

အိုင်အယ်အိုအဖွဲ့ကြီးမှာ အားလုံးသဘောတူချမှတ်ထားတဲ့ ပြဌာန်းချက်တွေကို ကျူးလွန်ဖေါက်ဖျက်တဲ့ အကြောင်းအရာ တွေကို နှစ်စဉ် ဇွန်လမှာ အဖွဲ့ ၃ ဖွဲ့ က ရှုထောင့်မျိုးစုံနဲ့ (မိမိတို့အစုအဖွဲ့ အလိုက် ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ချိန်ထိုးပြီး) တင်ပြချက်တွေကို ကြားနာစစ်ဆေးပါတယ်။ မြန်မာနိုင်ငံနဲ့ ပါတ်သက်လို့ကတော့ တကမ္ဘာလုံးက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအစုအဖွဲ့အားလုံး စိတ်ပျက်စရာကောင်းလောက်အောင် ဖေါက်ဖျက်ကျုးလွန်နေတာ တွေ့နေရကြောင်း တင်ပြလာ ကြတာ ၁၀ စုနဲ့ချီနေပါပြီ။

ဆက်တိုက်ဖေါက်ဖျက်ကျုးလွန်နိုင်ငံ၊ ညီလာခံဆုံးဖြတ်ချက်တွေနဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းအဝေး တွေကနေ ချမှတ်လိုက်တဲ့၊ မဖြစ်မနေ လိုက်နာရမည့်အချက်တွေကို မလိုက်နာတဲ့ နိုင်ငံဆိုရင် ညီလာခံကြီးမှာ အထူးအစည်းအဝေးခေါ်ယူပြီး ကြားနာ စစ်ဆေးပါတယ်။ ၂၀၁၁ ခုနှစ်ဇွန်လ ၄ ရက်နေ့ကတော့ မြန်မာတနိုင်ငံထဲအတွက် တမ္ဘာလုံးရဲ့ ကြားနာစစ်ဆေးမှုပြုတဲ့ နေ့တနေ့ပါ။

စစချင်း မြန်မာအစိုးရကိုယ်စားလှယ်ကို ၁၅ မိနစ်အချိန်ပေးပြီး လက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့ အခြေအနေတွေကို တင်ပြခိုင်းပါတယ်။ အဖွဲ့ဝင်နိုင်ငံအနေနဲ့ အိုင်အယ်အိုရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဆောင်ရွက်ရာမှာ ဘယ်လောက် တိုးတက်ခဲ့သလဲပေါ့ဗျာ။ အစပိုင်းမှာတင်ပြထားသလို အားလုံးရှေ့မှာ စိတ်ပျက်စရာ အလိမ်အညာတွေကိုဗြောင်ကို လိမ်တော့တာပါပဲ။ အားလုံးကလည်း သိထားပြီးသား ပဲလေ။    

အဲဒီနောက်မှာတော့ အလုပ်ရှင်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ဦးဆောင်ပြီး "အဆင့်ဆင့် ပြောင်းလဲ ဘို့ အချိန်လိုတာ နှစ် ဘယ်နှစ်ဆယ်လဲ" ဆိုတာနဲ့ စပါတော့တယ်။ နိုင်ငံပေါင်းစုံက အလုပ်သမား ကိုယ်စားလှယ်တွေအနေနဲ့ လတ်တလောလေးမှာ ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေက မြန်မာစစ်တပ် ရဲ့ စစ်ဆင်ရေးတွေမှာ  ပေါ်တာအသုံးချနေတာတွေ၊ ခလေးငယ်တွေကို အတင်း ဖမ်းဆီးပြီး စစ်တပ်တွင်း သွတ်သွင်းတာတွေကို အထောက်အထားတွေနဲ့တကွ မြိုင်မြုင်ဆိုင်ဆိုင် ငြင်းကွက်မရှိအောင် တင်ပြသွား ပါတယ်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ဇာနည်သွေး မှ လတ်တလော ဖြစ်ပေါ်နေတဲ့ ကရင် ပြည်နယ်တွင်း ပေါ်တာနဲ့ အဓမ္မ အလုပ်ခိုင်းစေမှု၊ ၂၀၁၁ မေလ တလထဲမှာ အဓမ္မ ခိုင်းစေမှုပေါင်း ၄၀၀၀ ကျော်ကျူးလွန်ခဲ့မှု၊    ခလေးတွေကို ဖမ်းဆီးပြီး စစ်တပ်တွင်းသွင်းတာ တိုင်ကြားမှု၊ အမှုပေါင်း ၆၃၀ ကျော်မှာ ခလေးငယ် ၁၅၇ ဦး မိဘရပ်ထံ ပြန်လည်အပ်နိုင်ခဲ့တဲ့ အိုင်အယ်အိုဆက်သွယ်ရေးအရာရှိရဲ့အစီရင်ခံစာဟာ မြန်မာအစိုးရအနေနဲ့ ခလေးတွေကို စစ်သားအဖြစ် သွတ်သွင်းနေတာကို အစီအစဉ်တကျလုပ်နေမှု၊ အိုင်အယ်အို ဆက်သွယ်ရေးအရာရှိရုံးသာမက ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ အေဂျင်စီအားလုံးနဲ့ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးများအားလုံးမှ မြန်မာနိုင်ငံမှာ အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေး အတွက် ၀ိုင်းဝန်း လုပ်ဆောင်ရန် လိုအပ်မှုတွေကို တင်ပြခဲ့ပါတယ်။

နောက်ဆုံးအပိတ်မှာတော့ မြန်မာအစိုးရကိုယ်စားလှယ်က အပြောင်းအလဲတွေ တိုးတက်မှုတွေ ဆိုတာ အထူးသဖြင့် အဓမ္မအလုပ်ခိုင်းစေမှုပပျောက်ဘို့ဆိုတာ ခေါက်ဆွဲထုပ်ပြုပ်စားသလို လွယ်လွယ်နဲ့ မရနိုင် ကြောင်းပြောပြီး တုန့်ပြန်ခဲ့လို့ တမ္ဘာလုံးက ဒေါသဖြစ်ကြပါတယ်။

အခြေအနေအမှန်ကိုပြောရရင် အဲဒီနေ့ပွဲက မြန်မာအစိုးရကိုယ်စားလှယ်ရဲ့ အပြောအဆိုတွေဟာ သံရေး တမန်ရေး မဆန်ဘူး။ အရင်နှစ်တွေထက်စာရင် ဒီနှစ်မှာ ပိုပြီးတော့ ညံ့တယ်၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေ အားလုံးပြတ်ပြတ် သားသားဖိအားပေးနေတာကို ပြန်ချေပခြင်း၊ ရှင်းလင်းခြင်း လုံးဝမရှိဘဲ မရေမရာစကားနဲ့ပြီးပြီးရောဆိုတဲ့ပုံစံနဲ့ ပြန်လည် ပြောဆိုနေလို့ လုံးဝမမျှတဲ့ပွဲလို့ ပြောချင်တာပါ။

ဇာနည်သွေးအနေနဲ့လည်း တမ္ဘာလုံးက ကိုယ်စားလှယ်တွေရှေ့မှောက်မှာ မြန်မာနိုင်ငံက အဖိနှိပ်ခံ ပြည်သူတွေ အားလုံးကို ကိုယ်စားပြုတင်ပြဘို့အတွက် စိတ်အရမ်းလှုပ်ရှားရပါတယ်။ English ဘာသာ စကားနဲ့ ကိုယ်တင်ပြလိုတဲ့ အချက်တွေကို အရင်ဆုံးပြင်ဆင်ရပါတယ်။ ဦးမောင်မောင် နဲ့ ဦးသန်းလွင် တို့က အနီးကပ်ကြီးကြပ် လမ်းညွှန်မှုတွေပေးပါတယ်။ ဒါပေမဲ့ မလွယ်လှပါဘူးဗျာ။ ပုံမှန်လေး ပြောနိုင်ဘို့ အတွက် ဇွန်လ ၃ ရက်နေ့ညက ညလယ် ၂ နာရီထိုးတဲ့အထိ အကြိမ်ပေါင်း မြောက်များစွာလေ့ကျင့်တော့မှ  အစအဆုံး နဲနဲချောလာတယ်၊ အခေါက် ၃၀ မက ပြန်ပြန် ကျော့ပြီး လေ့ကျင့်ရပါတယ်၊ အခေါက်ပေါင်း မရေတွက်နိုင်ပါ။ အဆင်ပြေလို့ မနက်အစည်းအဝေးရောက်တော့ လူကြီးတွေကအကျင့်သိထားတဲ့အတွက် ရိုးရိုးပြောပါလို့ အတန်တန် လမ်းညွှန်ပေမဲ့  နဂိုကတည်းက ကိုယ်ပြောချင်တဲ့ အပိုင်းရောက်ရင် အပိုင်ချီ အရှိန်မြှင့်လိုက်မိတဲ့ အတွက် အချိန် ၅ မိနစ် မလောက်ဘဲ ၂ ပိုဒ်ကျန်သွားခဲ့ရပါတယ်။  ကျန်သွားတဲ့ အပိုင်းက နအဖအနေနဲ့ ၁၉၀၇ ခုနှစ်မှာ ပြဌာန်းတဲ့ ကျေးရွာအက်ဥပဒေ၊ ၁၉၀၇ ခုနှစ် မြို့ပြများ ဥပဒေတို့ကို အတိအကျ လိုက်နာနိုင်ဘို့ လက်ရှိဖွဲ့စည်း  အုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အတိအလင်း ပြဌာန်းရမယ်။ ပြဌာန်းချက်တွေကို တိုင်းရင်းသား ဘာသာစကား အားလုံးနဲ့ ဘာသာပြန်ပြီး ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဝေရမယ့် အပိုင်းမှာ ဆောင်ရွက်မှုမရှိသေးတာကို တင်ပြဘို့ကျန်သွားခဲ့ပါတယ်။

ဒီပွဲကို ဇာနည်သွေး လာရောက်တင်ပြနိုင်ဘို့၊ အထူးသဖြင့် ရန်သူတော် စစ်အာဏါရှင်ခေါင်းဆောင်များကို စေ့စေ့ကြည့်ပြီး တိတိကျကျ ထောက်ပြပြောဆိုနိုင်ဘို့ ရှင်းရှင်းပြောရရင် ရင်ဆိုင်နိုင်ဘို့အတွက် ၂၃ နှစ် နီးပါးရင်းနှီးမြှုပ်နှံခဲ့ရပါတယ်။

၁၉၈၈ ပူပြင်းလွန်းတဲ့ မတ်လမှာ လှုပ်ရှားဆန္ဒပြလို့ ၃ လနဲ့ ၁၈ ရက်တိတိ အင်းစိန်တွဲဘက် အကျဉ်းထောင်မှာ ထိမ်းသိမ်းခံ ရင်းနဲ့ နိုင်ငံရေးလှုပ်ရှားသူ ဘ၀စခဲ့ပါတယ်။ ၁၄၁ ဆိုတဲ့ အမှတ်တံဆိပ် လေးနဲ့ အတူ ဇူလိုင်လ ၇ ရက်နေ့ ( ကြာသပတေးနေ့ - တပါတ်တကြိမ် အသားစားရတဲ့နေ့ ) ညနေမှာ အသားမစားရဘဲ ပြန်လွတ်လာခဲ့ပါတယ်။ ညမထွက်ရ အမိန့်ကြားကနေ တဖြည်းဖြည်းစုစည်း လှုပ်ရှား ရင်း ၈ လေးလုံးကာလကို ဖြတ်ကျော်ပြီး စက်တင်ဘာ ၁၈ ရက်နေ့မှာ အာဏာသိမ်းတဲ့ နောက်မှာတော့ သူငယ်ချင်းတွေ အသီးသီးတာဝန်ခွဲကြပြီး ဇာနည်သွေးတော့ မွန်ပြည်သစ်ပါတီနယ်မြေ ထဲကနေတဆင့် ဘုရားသုံးဆူရောက်လာခဲ့ပါတယ်။ ဘုးရားသုံးဆူမှာ ABSDF အဖြစ် လှုပ်ရှားရင်း ငှက်ဖျားဖြစ်လို့  ဆေးကုဘို့ ဘန်ကောက် ရောက်တုံး FISRAPT ရုံးလေးမှာ       volunteer အဖြစ်တခဏ၊ နောက်ပြီး လှုပ်ရှားဆေးတပ်ဖွဲ့၊ အိမ်ထောင်ကျပြီး ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေ ဒူးပလာယာခရိုင်ထဲမှာ ၁၉၉၃ ကနေ ၁၉၉၈ အထိ တည်ဆောက်ရေးအတွက် လှုပ်ရှားရင်း စည်းရုံးရင်းရပ်တည်ခဲ့ပါတယ်။   တပ်မဟာ (၆) လှုပ်ရှားဒေသမှာ ရန်သူ့တပ်မ ၄၄ စစ်ဆင်ရေး လုပ်တော့မှ စံခလကို ပြန်ရောက်ခဲ့ပါတယ်။ 

၁၉၉၈ ခုနှစ်မှာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဦးမောင်မောင်နဲ့ ပြန်လည် ဆုံစည်းပါတယ်။ ဦးမောင်မောင်နဲ့က ၁၉၈၈ ခုနှစ် တောခိုလာစဉ်က လမ်းခရီး တ၀က်မှာ ဆုံတွေ့ရင်းနှီးခဲ့ပါတယ်။

ဒါနဲ့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တောင်ပိုင်းဒေသ အတွင်းရေးမှုးအဖြစ် ၁၉၉၉ မှာစတင်တာဝန်ယူခဲ့ပါတယ်။ အလုပ်သမားကွင်းဆိုတော့ ရုတ်တရက်ကိုယ်က တစိမ်းပြင်ပြင်၊ Migrant ဆိုတာ ဘာလုပ်မှန်းမသိခဲ့ရိုးအမှန်ပါ။ Forced Labour, Freedom of Association အားလုံး အစိမ်းသက်သက်၊ မျက်စိပေကလပ်ပေကလပ်နဲ့ ပထမဆုံး မေဒေးနေ့ ရေဒီယိုအင်တာဗျူးကို တုန်ချိစွာနဲ့ ဖြေကြားရင်း အလုပ်သမားလောကကို ရောက်ခဲ့ပါတော့တယ်။ 

No comments:

Post a Comment