Saturday, June 11, 2011

ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာတွေရဲ့ နေထိုင်ခွင့်


VOA မြန်မာပိုင်းအစီအစဉ်
ညပိုင်း ၉ နာရီ
၂၀၁၁ ခုနှစ် ဇွန်လ ၁၀ ရက်။

ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာတွေရဲ့ နေထိုင်ခွင့်ကိစ္စပါ။ ထိုင်းနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေဟာ ၁၉၉၉ ခုနှစ်ကတည်းက စတင်ပြီးတော့ ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို ၁၀ နှစ်အနေကြာ အသိအမှတ်ပြုလက်မှတ် ၂၀၀၈ ခုနှစ်ကနေစပြီးတော့ လုပ်ပေးပြီးတဲ့နောက်မှာ ၂၀၁၁ ခုနှစ်မှာတော့ အသစ်တွေ ပြန်လုပ်ပေးဖို့အတွက် စီစစ်တာတွေ ပြန်လုပ်နေပါတယ်။ အဲဒိအပြင် ထိုင်းအစိုးရနဲ့ ပူးပေါင်း ဆက်စပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားကျောင်းက ကလေးငယ်တွေကိုလည်း ၁၀ နှစ်ကြာ အနေကြာ လက်မှတ်တွေ ပြုလုပ်ပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကြောင်းကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာကို အပြည့်အစုံပြောပြပေး မှာ ဖြစ်ပါတယ်။

မအေးအေးမာ
ဟုတ်ကဲ့ပါရှင် ထိုင်းနိုင်ငံထဲမှာ အနေကြာ နေထိုင်ပြီး ထိုင်းလူမှုအဖွဲ့အစည်းကို အကျိုးပြုတဲ့ လူတွေ၊ ထိုင်းနိုင်ငံရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု တွေကို နားလည်ကျွမ်း ၀င်သူတွေနဲ့ပတ်သက်ပြီး ၁၀ နှစ်ကြာ အသိအမှတ်ပြု နေထိုင်ခွင့်လက်မှတ်တွေကို လုပ်ပေးဖို့အတွက် ဖောင်တွေကို ပြီးခဲ့တဲ့ လတွေတုန်းက ပြုလုပ်ပေးခဲ့ပါတယ်။ ဒီလထဲမှာတော့ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် နှင့် အနီးတ၀ိုက်က ကျေးရွာတွေက မြန်မာနိုင်ငံသားတွေကို ပြန်လည်စီစစ်မှုတွေကို မဲဆောက်မြို့ပိုင်ရုံးက ပြုလုပ်ပေးနေပြီဖြစ်ပါတယ်။ ဒီလိုစီစစ်တာ ကတော့ ၂၀၀၈ ခုနှစ်တုန်းက ၁၀ နှစ်ခံလက်မှတ် ရပြီးသူတွေရော၊ မကြာသေးခင်တုန်းကမှ အချက်အလက်တွေကို ဖြည့်ပြီး အသိအမှတ်ပြုဖို့အတွက် လျှောက်ထားသူတွေကို ရော ပြန်လည်စီစစ်ပေးနေတာပါ။

ထိုင်းနိုင်ငံမှာ နေထိုင်ကြောင်းအသိအမှတ်ပြုထားတဲ့ ၁၀ နှစ်ပြည့် လက်မှတ်ရရှိးပြီးသူ မြန်မာနိုင်ငံသားတဦးပြောပြတာကတော့ ဒီလက်မှတ်က မြန်မာနိုင်ငံသားတွေအတွက် အကျိုး ရှိတယ်ဆိုပြီး အခုလိုပြောပြပါတယ်။

ကျွန်မတို့တော့ အခုရုံးပြန်တက်နေရတယ်။ သူကြီးရော၊ သူဌေးရော ပြန်ပြီးတော့ အာမခံလား၊ သူကြီးကိုလည်း ဒီလူကို ပြန်လည်တာဝန်ယူလား၊ ပြန်စစ်ဆေးတယ်၊ သူတို့ ကဒ်ပြန်ချိန်းပေးမယ်လေ၊ ၃ နှစ်တကြိမ် ကဒ် ပြန်ချိန်းပေးတယ်။ အခွင့်အရေးတော့ တော်တော်ရတယ်။ ၁၀ နှစ်ခံ ကိုင်ထားလို့ရှိရင် အရင်က ကျွန်မတို့ မရှိတဲ့အချိန်တုန်းက တော်တော်မျက်နှာငယ်တယ်။ အခု ကျွန်မတို့ ဘယ်နေရာသွားသွား သူတို့ ထိုင်းသဘောအတိုင်းပဲ ဆက်ဆံတယ်။ ထိုင်းလူမျိုး သဘောမျိုးပဲ ဆက်ဆံတယ်။ မှတ်ပုံတင်ပြလိုက်ရုံနဲ့ ပြီးပြီ။ နောက်ပြီးတော့ သူတို့ ပြောတယ်။ အေးအေးချမ်းချမ်းနေဖို့၊ ကောင်းကောင်းမွန်မွန်နေဖို့၊ ပြောတယ်။ ကျန်းမာရေး စောင့်ရှောက်ခွင့်တွေက အခု လောလောဆယ်ရတယ်။ ခရီးသွားလာခွင့် ဘန်ကောက်အထိ လည်းရတယ်။ ကျန်းမာရေးအရဆိုရင် ဆေးရုံဆေးခန်းတွေမှာ ခွဲစိတ်ကုသတာတွေ၊ ကလေးမွေးတာတွေ ပိုက်ဆံတပြားမှမကုန်ဘူး ရတယ်။

မအေးအေးမာ
သူကတော့ ၁၀ နှစ်ကြာ နေထိုင်ပြီးသူအဖြစ် ၂၀၀၈ ခုနှစ်ကနေ ထိုင်းရပ်ရွာကနေ အသိအမှတ်ပြုမှုကို ခံထားရသူဖြစ်ပါတယ်။ အခုအခါမှာတော့ ၁၀ နှစ်ကြာ နေထိုင်ပြီးသူတွေ အတွက် လက်မှတ် ထုတ်ပေးဖို့ သက်ဆိုင်ရာ မြို့နယ်ရုံးတွေကနေ စီစစ် လက်ခံမှုတွေ လုပ်နေတဲ့အကြောင်း မြန်မာအလုပ်သမားရေးဆောင်ရွက်နေတဲ့ ကိုမိုးကြိုးကလည်း အခုလို ပြောပြပါတယ်။

ကိုမိုးကြိုး
၁၀ နှစ်နီးပါး နေထိုင်ပြီးတဲ့သူတွေဆိုတော့ ထိုင်းယဉ်ကျေးမှုတို့၊ ဘာသာစကားတို့  အဲဒိလို အတော်အတန် တီးမိခေါက်မိရှိရမယ်။ ထိုင်းရပ်ရွာလူကြီးတွေ၊ ဘယ်သူ၊ဘယ်ဝါဖြစ်တယ်ဆို တာလည်း သိရမယ်၊ ထိုင်းနိုင်ငံအကျိုးကိုလိုလားတဲ့သူ။ ထိုင်းနိုင်ငံအတွက် မိမိလုပ်အားနဲ့ အလုပ်လုပ်ပြီးတော့ အကျိုးပြုတဲ့သူတွေ ကို ၁၀ နှစ်ခံ လက်မှတ်ထုတ်ပေးတာဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီ ၁၀ နှစ်ခံလက်မှတ်ကို များသောအားဖြင့် သက်ဆိုင်ရာ မြို့ပိုင် ရုံး က စာရေးစာချီတွေက ဒီလက်မှတ်ကို ထုတ်ပေးခါနီးမှာ ခေါ်ယူတွေ့ဆုံ မေးမြန်းလေ့ရှိတယ်။ အဲဒိ အခါ ကျရင် ထိုင်းယဉ်ကျေးမှုတို့ ၊ ဘာသာစကားတို့ ၊ ရပ်ရွာထဲမှာ မိမိရဲ့ နေထိုင်မှု ပုံစံတို့၊ မိမိ အလုပ်ရှင်အပါအ၀င် ရပ်ရွာထဲက လူမျိုးတွေက မိမိအပေါ်မှာ ဘယ်လိုနားလည်ကျလဲ ဆိုတာကို အဲဒိထောက်ခံချက်တွေကို ရရှိတော့မှသာ မှတ်တမ်းကောင်းတွေ ရှိမှသာ၊ သက်ဆိုင်ရာ မြို့နယ် မှတဆင့် မြို့ပိုင် စာရေးစာချီတွေကနေတဆင့် လက်မှတ်ထုတ်ပေးတာ ဖြစ်တယ်။

ထိုင်းနိုင်ငံအတွင်းမှာ ၁၉၉၉ခုနှစ် အောက်တိုဘာလ ပထမပတ်ကနေစပြီးတော့ နေထိုင်ပြီး ထိုင်းအစိုးရဆီမှာ မှတ်ပုံတင်ဖို့အတွက် ကြိုးစားသူ တွေ၊ တရားဝင်မှတ်တမ်း မရှိတဲ့ ကျောင်းသား ၊ ကျောင်းသူတွေ ထိုင်းနိုင်ငံ မှာ မွေးဖွားပြီး မိဘမရှိသူတွေ ထိုင်းနိုင်ငံရဲ့ အကျိုးလိုလားသူတွေကို ထုတ်ပေးတာဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေထဲမှာ ၁၀ နှစ်ကြာ နေထိုင်ခွင့်လက်မှတ်နဲ့ပတ်သက်ပြီး ပြဌာန်းထားပါတယ်။

အခုနောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံအတွင်းမှာ ထိုင်းအစိုးရအသိအမှတ်ပြုထားတဲ့ ကျောင်းတွေ နဲ့ ထိုင်းအစိုးရနဲ့ဆက်စပ် ပူးပေါင်းဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ကျောင်း တွေက ကလေးငယ်တွေကိုလည်း ၁၀ နှစ်အနေကြာ လက်မှတ်လုပ်ပေးဖို့အတွက် စီစဉ်မှုတွေ ရှိလာပါတယ်။ ဒီအတွက် မြန်မာနိုင်ငံသား ကလေးငယ်တွေဟာ ထိုင်းနိုင်ငံ ထဲမှာ ထိုင်းကျောင်း သားတွေနည်းတူ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေ ရရှိတော့မှာ ဖြစ်ပြီး ထိုင်းနိုင်ငံက အသက်မွေးဝမ်းကျောင်းပညာရပ်သင်ကြားမှုကျောင်းတွေ၊ အဝေးသင် သက်ကြီးကျောင်းတွေမှာလည်း ပညာသင်ကြားခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အနေကြာနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက နေထိုင်ခွင့်တခု ပြုလုပ်ပေးမယ့် အကြောင်းနဲ့ပတ်သက်ပြီးတော့ မအေးအေးမာက ပြောပြခဲ့တာပါရှင်။

No comments:

Post a Comment