Sunday, June 19, 2011

VOA အမျိုးသမီးကဏ္ဍ အစီအစဉ်


၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်။
အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမားအဖွဲ့ကြီးရဲ့ စာချုပ်မှာ ၁၉၉၅ ခုနှစ်တုန်းက လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနိုင်ငံ မှာ အလုပ်သမား အခွင့်အရေးတွေရဖို့ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှစ် ၁၀၀ ပြည့် အိုင်အယ်လ်အို ညီလာခံအတွက် ဗွီဒီအို ကနေတဆင့် မိန့်ခွန်းပြောကြားခဲ့ရာမှာ ထည့်သွင်းပန်ကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စက်ရုံအလုပ်သမားတွေရှိနေတဲ့အထဲက အမျိုးသမီးအလုပ်သမားတွေ အခြေအနေက ဘယ်လိုရှိပါသလဲ သူတို့တွေ ဘယ်လိုအခက်အခဲမျိုးတွေနဲ့ ရင်ဆိုင် နေကြရသလဲဆိုတာတွေကို ဒီတပတ် အမျိုးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်ရှင်။
မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးတွေရရှိဖို့ မဖြစ်မနေ အောင်မြင်မှု ရရှိဖို့ လိုအပ်သလို အောင်မြင်မှု ရရှိဖို့ကို လည်း ကမ္ဘာက ၀ိုင်းဝန်းလုပ်ဆောင်ပေးကြပါလို့ ဂျီနီဗာမှာ ဇွန်လ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ နှစ် ၁၀၀ ပြည့် အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမား ညီလာခံကို ဗွီဒီအို ကနေ ပေးပို့ခဲ့တဲ့ မိန့်ခွန်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခုလို အိုင်အယ်လ်အို အဖွဲ့ကြီးကို ပန်ကြားသွားခဲ့တာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံတကာ စံနှုန်းအဆင့်မှီတဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းနိုင်ရေး ၊ အလုပ်သမားအခွင့်အရေးတွေ ရရှိရေး၊ တရားဥပဒေ စိုးမိုးရေး အပြင် လူုမှုရေးတရားမျှတမှု ရရှိရေးနှင့် အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးအပြင် ကလေးစစ်သားများ အသုံးပြုမှု ပပျောက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေက ၀ိုင်းဝန်းတိုက်တွန်းလုပ်ဆောင်ကြပါလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးတွေ အထူးသဖြင့် အမျိုးသမီးအလုပ်သမတွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။ ပြည်တွင်းရှိ စက်မှုဇုံနယ်မြေတွေမှာ အထည်ချုပ် စက်ရုံတွေ၊ သိုးမွှေးထည်ရက်လုပ်တဲ့စက်ရုံတွေ စသဖြင့်ရှိရမှာ အဲဒိစက်ရုံတွေမှာ အများစုက အမျိုးသမီးအလုပ်သမ တွေ ဖြစ်ကြတာ တွေ့ရပါတယ်။ ဇွန်လ ၅ ရက်နေ့က လှိုင်သာယာစက်မှုဇုံအတွင်းရှိ Tailor Garment အထည်ချုပ် စက်ရုံမှာ အမျိုးသမီးအလုပ်သမား ၁၀၀ ကျော် ဆန္ဒ ပြခဲ့ကြပါတယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေက ဘာတွေပါလဲ။ ထိုစဉ် အလုပ်သမားအရေးတွေကို လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဖိုးဖြူရဲ့ ပြောကြားချက်ကို တင်ပြပါရစေ။

ဦးဖိုးဖြူ။              ။ ပြဿနာတက်တဲ့အဓိက အကြောင်းအရာက တနေ့ကို အထည် ၄၀၀ ပေးရမယ်ဆိုပြီး တွန်းအားပေးတယ်။ တကယ်အစစ်အမှန်မှာက ကျွမ်းကျင်လုပ်သားတွေကို ခန့်ထားပေးခြင်းမရှိဘူး။ မရှိဘဲနဲ့ တလိုင်း တလိုင်းကို အားလုံးပေါင်းရင် ၄၀၀ ပေးရမယ်ဆိုပြီး တောင်းတဲ့အခါကျတော့ တလိုင်းမှ ၄၀၀ ပြည့်အောင်မပေးနိုင်ဘဲနဲ့ ၃၆၀ လောက်ပဲ ပေးနိုင်တယ်။ အဲဒိတွန်းအားပေးခြင်းခံရတဲ့ကိစ္စလည်းဖြစ်တယ်။ နောက်ပြီးတော့ တနင်္ဂနွေပိတ်ရက် လုံးဝ မနားရဘူးဖြစ်သွားတယ်။ ဒါကတချက်ပေါ့။ ညက ၇ နာရီခွဲ ၊ ၈ နာရီ အထိ အလုပ်ဆင်းရတယ်။ သို့သော်လည်းပဲ တနာရီကို ၄၅ ကျပ်ပဲရတယ်။ ကျွမ်းကျင်လုပ်သားကျတော့ တနာရီကို ၈၀ ရတယ်။ ဆိုတော့ တနေ့ကိုမှ ၁၃၀ ကျော် ၊ ၂၀၀ ၀န်းကျင်လောက်ကလေးပဲ အချိန်ပိုကြေးက ရတယ်။ အခြေခံလစာ ကကျတော့ သိပ်နည်းလွန်းတဲ့သူတွေက အများစုဖြစ်နေတယ်။ တချို့ဆိုရင် ၂၀၀၀ ကျော်ပဲရတယ်။ အဲဒိလို အခြေခံလစာနည်းတဲ့သူတွေက အများစုဖြစ်နေတယ်။

တခါ ဇွန်လ ၆ ရက်နေ့မှာ ပဲခူးတိုင်း ၊ ဟင်္သာကုန်းရပ်၊ ကမာနတ်ကျေးရွာအနီးရှိ အလုပ်သမား ၃၀၀ ကျော်လုပ်ကိုင် တဲ့ Cap 1 ဦးထုပ်စက်ရုံမှာ အမျိုးသမီးအများစုပါဝင်တဲ့ အလုပ်သမား ၅၅ ဦးတို့ဟာ ဇွန်လ ၆ ရက်နေ့က အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပါတယ်။ ထိုစဉ် အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေက ဘာတွေပါလဲ။အလုပ်သမား ရေး လိုက်လံဆောင်ရွက်ပေးနေတဲ့ ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF ရဲ့ တိုင်းဥက္ကဌ ဦးအောင်မျိုးဝင်း ပြောပြခဲ့တာကို ပြန်လည်တင်ပြလိုပါတယ်။

ဦးအောင်မျိုးဝင်း။              ။ ဒီမတရားဘူးဆိုတဲ့ ကိစ္စမှာ ကျန်းမာရေးကိစ္စပါမယ်။ ကျန်းမာရေးကိစ္စဆိုတာက သူတို့က မနက် ၈ နာရီအတွင်းက ၁၀ နာရီအတွင်းမှာပဲ အပေါ့အပါးသွားရမယ်။ အလေးသွားရမယ်။ တကယ်လို့ အဲဒိအချိန်ကျော်ပြီးတော့မှ သွားမယ်ဆိုရင် အဲဒါကို သူတို့ခွင့်မပြုဘူး။ အကယ်၍ သွားခဲ့မယ်ဆိုရင် သူတို့က ဒဏ်ငွေ ရိုက်မယ် ၅၀၀ ပေါ့ဗျာ။ အလုပ်ကိစ္စကို အလုပ်သမားအချင်းချင်း တခုံနဲ့ တခုံမေးမြန်း ပြောဆိုတာတွေ့ရင် ၅၀၀ ဖြတ်တယ်။ အဲဒိလိုစည်းကမ်းတွေရှိတယ်။ ဒီစက်ရုံနောက်မှာရှိတဲ့ မိလ္လာကန်ကြီးကလည်း ပွင့်နေတယ်။ အဲဒါ ကျန်းမာ ရေးအရ ဆိုးရွားတယ်ပေါ့။ နေ့လည်ထမင်းစားနားချိန်ကို တနာရီအပြည့် ပေးမယ်ဆိုတဲ့နေရာမှာ မပေးဘဲနဲ့ မိနစ် ၄၀ ပဲပေးတယ်ပေါ့ဗျာ။ အဲဒိလိုအချက်တွေပါတယ်။ နောက်ပြီးတော့ ဖယ်ရီကိစ္စတွေပါတယ်။ နောက်ပြီးတော့ အလုပ်ချိန် တိတိကျကျလုပ်ပေးဖို့ ကိစ္စတွေပါတယ်။

အခုလို အမျိုးသမီးအလုပ်သမား အများစုပါဝင်တဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကြောင့်လည်း ရလဒ်ကောင်း တွေ ထွက်ပေါ်ခဲ့ပါတယ်။ ထိုစဉ် ဦးအောင်မျိုးဝင်းပြောပြခဲ့တာကတော့ လစာတိုးပေးဖို့ကိစ္စရယ်၊ အချိန်ပိုကြေးကို တိုးပေးဖို့ ကိစ္စကတော့ လက်ရှိ မလုပ်ပေးနိုင်သေးဘူးပြောတယ်။ ကျန်တဲ့ကိစ္စတွေတော့ လိုက်လျောပေးလိုက်တယ်။ အဲဒိကိစ္စမှာ ဘာပါလဲဆိုတော့ ကလေးတွေက အဓိက တိုင်တဲ့စာထဲမှာ ပါတာက ဒီအမျိုးသမီး ၂ ယောက်ကို အရေးယူဆောင်ရွက်ပေးဖို့ သူတို့က အဓိကထားတိုင်တယ်။ အခြေအနေက နောက်ဆုံး ဒီ ရုံးချုပ်ကလည်းဆင်းလာ တယ်။ စက်ရုံရုံးချုပ်က ဒါရိုက်တာ ၂ ယောက်လည်းဆင်းလာတယ်။ သူတို့တိုင်ကြားထားတဲ့ all super ဇာနည်နိုင် နောက် မ၀တ်မှုန်ဆိုတာရယ်ကို ဗဟိုရုံးချုပ်ရုံးကို ရွှေ့လိုက်ပါတယ်။ ပြေလည်သွားတယ်ပြောရမှာပေါ့။ အောင်လည်း အောင်မြင်သွားတယ်။
အခုလို ဒီနှစ် ဆန္ဒပြမှုတွေအပြင် မနှစ်က လည်း လှိုင်သာယာစက်မှုဇုံနယ်မြေမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ရာမှာ အမျိုးသမီး အလုပ်သမားအများစုပါဝင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဆန္ဒပြမှုမှာပါဝင်ခဲ့ပြီး လက်ရှိမှာတော့ ထိုင်းနိုင်ငံ မဲဆောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတဦးကို သူ လှိုင်သာယာစက်မှုဇုံမှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံနဲ့ပတ်သက်လို့ မေးကြည့်ခဲ့ပါတယ်။
လှိုင်သာယာဆိုတာက ရန်ကုန်မှာ ဆိုရင် လူမျိုးစုံတယ်လို့ ပြောလို့ရတယ်။ တောင်ဒဂုံကလာတာလည်းရှိတယ်။ ရွှေပြည်သာက လာတာရှိတယ်။ အင်းစိန်က လာတာရှိတယ်။ အဲဒိလိုအစသဖြင့် အလုပ်သမားတွေက သွားတဲ့အခါမှာ ပထမဦးဆုံးပြောရမယ်ဆိုရင်တော့ အချိန်ပေါ့။ မနက်အစောကြီးကတည်းက ကားစစီးရတယ်။ အလုပ်က မနက် ၈ နာရီမှာဝင်တယ်ဆိုရင် ကျွန်မတို့က ဖယ်ရီကို ၆ နာရီလောက်ကတည်းက စစီးရတယ်။ ဖယ်ရီစီးတဲ့အချိန်က အလုပ်ကို ရောက်သွားတဲ့တိုင်အောင် ကပ်ပြီးရောက်သွားတယ်။ အလုပ်စပြီးဆင်းတယ်။ ၁၀ နာရီလောက် အချိန်ပို အလုပ်ဆင်းပြီးလို့ ပြန်လာပြီဆိုရင် အိမ်ကို ၁၂ နာရီလောက်မှ ရောက်တယ်။ အရမ်းဝေးတဲ့ ဒဂုံဘက်တို့ ရွှေပြည်သာ ဘက်တို့ဆိုရင် မပြန်ရဘဲနဲ့ အဲဒိလိုပဲ စက်ရုံထဲမှာပဲ စောင်မရှိ၊ ဘာမရှိနဲ့ စက်ခန်းကြားထဲမှာ အိပ်ရတာမျိုးရှိတယ်။ နောက်ပြီးတော့ တချို့ နယ်က တက်လာတဲ့သူတွေဆိုရင် အဲဒိလှိုင်သာယာထဲမှာပဲ အိမ်ခန်းငှားနေရတဲ့ သူတွေ ရှိတယ်။ သူတို့ဆိုရင် ညဖက်ပြန်ဖို့ အရမ်းကသီတယ်။ ဖယ်ရီသမားကလည်း လမ်းကြိုလမ်းကြားဆိုရင် ဘယ်သူမှ မပို့ပေးဘူး။ အဲဒိလိုပြဿနာတွေက အစောကြီးကတည်းက ရှိတယ်။ အလုပ်ချိန်နဲ့ပတ်သက်ရင် သူတို့ အချိန်ပိုကြေး တွေ ကို ပါးစပ်က အိုတီကြေးတွေရှိတယ်လို့ပြောပေမယ့် ဖြတ်တာ၊ တောက်တာနဲ့ဆိုရင် ဘယ်လောက်မှမရဘူး။ ကျွန်မတို့လုပ်တုန်းကဆိုရင် ရက်မှန်ကြေးက ၅၀၀၀ ရှိတယ်။နေ့စဉ်ကြေးက ၁၂၀ ရှိတယ်။ ဒါပေမယ့်ဒါဇင်စားက  အထည်စား ကောက်ကြေးရှိသေးတယ်။ ဒါပေမယ့် ဖြတ်တာနဲ့ဆိုရင် ဘယ်လောက်မှ မကျန်တော့ဘူး။

ဒါ့အပြင် အမျိုးသမီးအလုပ်သမ အများစုအနေနဲ့လည်း မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ပေးနေကြရတာ ဖြစ်တဲ့အတွက်ကြောင့်လည်း အကြွေးသံသရာလည်ခဲ့ကြရတယ်လို့လည်း သူက ပြောပြခဲ့ပါတယ်။

မိသားစုရှိတဲ့သူတွေအနေနဲ့ဆိုရင်တော့ ကလေးတွေရဲ့စားဝတ်နေရေးနဲ့မလောက်ဘူး။ ကျောင်းထားဖို့ဆိုတာ ကလည်း အနိုင်နိုင်ပဲ။ ကျွန်မတို့ လူလွတ်သမားတွေတောင်မှ အဲဒိအချိန်ကာလက လစာထုတ်ပြီး တပတ်၊ နှစ် ပတ်လောက်နေရင် လစာကုန်သွားလို့ နောက်လူဆီက အကြွေးယူပြီးတော့ လစာထုတ်ရင်ပြန်ချေ၊  နောက်တလအတွက်ကို လစာကုန်သွားရင် ပြန်ယူ အဲဒိလိုဆိုတော့ အိမ်ထောင်သည်တွေဆိုရင် အရမ်းအခြေအနေ ဆိုးရွားတယ်။ တချို့ဆိုရင် ကျောင်းမတက်ရတဲ့ ကလေးတွေရှိတယ်။ တချို့ဆိုရင် မိဘနှင့်အတူတူ လုပ်ငန်းခွင်ဝင်တဲ့ သူတွေရှိတယ်။ တချို့ဆိုရင် မိဘတွေနှင့်ဈေးရောင်းတာရှိတယ်။ အမျိုးစုံတွေ့တယ်။

သူ့လိုပဲ လက်ရှိ ရွှေပြည်သာ စက်မှုဇုံရှိ စက်ရုံတရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးကလည်း စားဝတ်နေရေး ကျပ်တည်းမှု ကြောင့် အတိုးနှုန်းကြီးကြီးနဲ့ အကြွေးယူပြီး တလနဲက တလ အလျှင်မှီအောင် ကြိုးစားရတဲ့ အဖြစ်နဲ့ ကြုံနေကြရတဲ့အကြောင်း ပြောပြတာကိုလည်း နားဆင်စေရှင်ပါတယ်ရှင်။
အလုပ်သမား ဦးရေ အကုန်လုံး ၃၀၀ လောက်ရှိပါတယ်။ အမျိုးသမီးအလုပ်သမား ဦးရေ အရေအတွက်က ၂၆၀ လောက်ရှိပါတယ်။ စက်ချုပ်ပါတယ်။ စားဝတ်နေရေးက သိပ်တော့မပြေလည်ဘူးပေါ့။ မလောက်တဲ့အခါကျတော့ စက်ရုံထဲမှာ အတိုးနဲ့ယူပြီး ချေးပြီးတော့ သုံးရတယ်။ အခုလိုတဲ့အခါကျရင် သူတို့ဆီက ချေး။ လစာထုတ်တဲ့အခါကျ ရင် ၁၀၀ ကို ၂၀ တိုးဆိုရင် ၂၀ တိုး၊ ၁၅ ကျပ် အတိုးဆိုရင် ၁၅ ကျပ်၊ အဲဒိလိုမျိုးချေးပြီးတော့ သုံးရတယ်။ ဒီလကုန်ခါနီးလို့ ကိုလိုတဲ့အချိန်ကျရင် သူတို့ဆီက ပြန်ယူ အဲဒိလိုမျိုးနဲ့ပဲ လုံးလည်၊ ချာလည်လိုက်နေတယ်။ အဲဒိလိုမျိုးနဲ့ပဲ တနှစ်ပတ်လုံးဖြစ်နေတယ်။

အဲဒိ စက်ရုံအလုပ်သမတဦးကပဲ သူ့အနေနဲ့ အလုပ်သမားအခွင့်အရေးတွေ ရလိုပြီး ၁၀ တန်း အောင်ပြီး မိသားစု စားဝတ်နေရေးနဲ့ မောင်ငယ် ညီမငယ်ပညာရေးတို့အတွက် အလုပ်ထွက်လုပ်ခဲ့ရတဲ့အတွက် သူ့ဘ၀ရှေ့ရေး တိုးတက်ဖို့အတွက် ပညာသင်လိုတဲ့ဆန္ဒ ရှိပေမယ့်လို့လည်း လောလောဆယ်မှာတော့ သူ့အနေနဲ့ တခြားရွေးချယ်စ ရာလမ်းမရှိတဲ့ကြောင်း ပြောကြားချက်ကို တင်ပြရင်း ဒီသတင်းပါ အမျိုးသမီးကဏ္ဍကို နိဂုံးချုပ်အပ်ပါတယ်ရှင်။

No comments:

Post a Comment