Saturday, June 11, 2011

အခြေခံဥပဒေတွေနဲ့အညီ အလုပ်သမားသမဂ္ဂတွေ တည်ထောင်ခွင့် ရနိုင်တော့မလား



အခြေခံဥပဒေတွေနဲ့အညီ အလုပ်သမားသမဂ္ဂတွေ တည်ထောင်ခွင့် ရနိုင်တော့မလား

2011 ခုနှစ် ဇွန်လ 10 ရက်
ဘီဘီစီ
ညပိုင်းအစီစဉ်

မြန်မာ့အလုပ်သမားအခွင့်ရေး အလုပ်သမားသမဂ္ဂ ပေါ်ပေါက်လာရေးတို့ ကို လက်ရှိအစိုးရက လိုက်လျောနိုင်ပ့ါမလားဆိုတာကို ဦးမောင်မောင်သန်းက အလုပ်သမားအခွင့်ရေးလှုပ်ရှားနေသူတွေနဲ့ ဆွေးနွေးထားပါတယ်။           

မြန်မာနိုင်ငံ ရန်ကုန်၊ ပဲခူး စတဲ့မြို့ကြီးတွေက ကုမ္ပဏီလုပ်ငန်းကြီးတွေမှာ အခြေခံအလုပ်သမားအခွင့် အရေးတွေအတွက်  ဆန္ဒပြ တောင်းဆိုမှုတွေ အခုတလော ဆက်တိုက်ဆိုသလို ကြားနေပါတယ်၊ တဖက်က ဒီတောင်းဆိုမှုတွေ တသံတည်းဖြစ်အောင်လို့အလုပ်သမားတွေဖက်က ရပ်တည်ဖြေရှင်းပေးမဲ့  အလုပ်သမား သမဂ္ဂအဖွဲ့ ကြီးပေါ်ပေါက်ရေး တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ လက်ရှိ အစိုးရသစ်က အခြေခံ အလုပ်သမားရပိုင်ခွင့်တွေ၊ လွတ်လပ်စွာ အသင်းပင်ဖွဲ့စည်းခွင့်တွေကို  ဘယ်လောက်ခွင့်ပြုလုပ်နိုင်မလဲ လိုက် လျော့မှုတွေကို တွေ့ မြင် နေရပြီးလား ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောကြဆိုကြမှာပါ။

ဂျီနီဗာမှာ ပြုလုပ်နေတဲ့ ကမ္ဘာ့အလုပ်သမားညီလာခံကြီးမှာ ITUC ကိုယ်စားလှယ်အဖြစ် တက်ရောက်နေတဲ့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် FTUB အထွေထွေအတွင်း ရေးမှူး ဦးမောင်မောင်၊ နောက်ပြီးတော့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပဲခူးတိုင်း ဥက္ကဌ ဦးအောင်မျိုးဝင်းနဲ့ ပြည်တွင်းမှာ ဗဟိုညွှန့်ပေါင်း သမဂ္ဂပေါ်ပေါက်ရေးကော်မတီ ဥက္ကဌ ဦးဇော်ဝင်းတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။
            အဲတော့ လက်ရှိအလုပ်သမားတွေ တောင်းဆိုနေတာက အဓိက ဘာတွေလဲ၊ နောက်ဆုံးအခြေအနေကို ဦးအောင်မျိုးဝင်းက ပဲခူးကနေပြီးတော့ ပြောပြပေးပါခင်ဗျား။

ဦးအောင်မျိုးဝင်း။  ။ ဟုတ်ကဲ့။ အလုပ်သမားတွေအနေနဲ့  အခုလက်ရှိ တောင်းဆိုတာက လက်ရှိ အခြေခံ လစာတိုးပေးဖို့ပါတယ်ခင်ဗျား၊ နောက်ပြီးတော့ အချိန်ပိုကြေးကို တိုးပေးဖို့တောင်းဆိုတာ ပါတယ်။ နောက် တခုက အလုပ်သမားရပိုင်ခွင့်ပေါ့ဗျား စက်ရုံထဲမှာ သူတို့ပြောခွင့် ဆိုခွင့် သူတို့အနေနဲ့ မကျေနပ်ချက်တွေ တောင်းဆိုခွင့်တွေ ပေးဖို့တောင်းဆိုတာပေါ့။ အဲဒါတွေကို ကျနော်တို့ဒီသောကြာနေ့မှာတော့ ၁၉ ယောက်ဘဲဗျာ။ အဲဒီ ၁၉ ယောက်က သူတို့ရဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး သူတို့ကို ဖိနှိပ်ချုပ်ချယ်တဲ့ကိစ္စတွေပေါ့ဗျာ မတရားတဲ့ စည်းကမ်းတွေကို မကျေနပ်ဘူး။ မကျေနပ်တော့ ကျနော်ဆီကို လာရောက်အကူညီတောင်းတယ်။ အကူညီ တောင်းဆိုတော့ သက် ဆက်ရာ မြို့ နယ်မှာရှိတဲ့ အလုပ်သမားဦးစီးဌာနကို ကျနော် ဦးဆောင်ပြီးတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် တွေနဲ ကျနော် ပြောဆိုပြီးတော့ သူတို့ကို အဲဒီမှာ အပ်နှံပေးခဲ့တာပေါ့နော်။ သူတို့ လိုတဲ့ ဆန္ဒတွေကို့အ တက် နိုင်ဆုံး ခင်ဗျားတို့လိုက်လျောပြီးတော့ ဆောင်ရွက်ပေးဖို့ကျနော် တောင်းဆိုပေးခဲ့တယ်၊

မေး။      ။ စက်ရုံထဲမှာ ဆန္ဒပြတာလား လမ်းပေါ်မှာဆန္ဒပြတာလား။ ဒီလို ဆန္ဒပြဖို့ကော ဒါတွေက အခု လွတ်လွတ်လပ်လပ် လုပ်လို့ ရ တွေ့ ရလား။
ဦးအောင်မျိုးဝင်း။  ။ ကိုယ်ရဲ့ ယုံကြည်ချက် ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကျနော်တို့ရေးသားထုတ်ဖော်ခွင့်ကိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပေဒ ၃၅၄ (က) အရ ကျနော် တို့လုပ်ပိုင်ခွင့်တွေ ရပြီး။ သို့ပေမဲ့လည်း ဒီလို လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ ပုံစံမျိုးတော့ မဟုတ်သေးဘူး။ စက်ရုံကို အလုပ်ချိန်မှာအလုပ်မဆင်းဘဲနဲ့တနင်္လာနေ့မှာ အလုပ်သမား ၅၅ယောက် ဟာ မန်နေဂျာက တားတဲ့ကြားထဲက နေ သူတို့ရဲ့ဆန္ဒကို မန်နေဂျာက မလိမ့်တပတ်လုပ်တယ်ဆိုပြီးတော့မှ မကျေနပ်လို့ အလုပ်မဆင်းဘဲ သူတို ၅၅ ယောက်က စက်ရုံထဲကနေ အတင်းထွက်ပြီး ကျနော်ဆီကို ထပ်ရောက်လာတယ်။ သုံးဘီးဆိုင်ကယ်နဲ့ လာတယ်၊ ကျနော်တို့ပဲခူးမှာဆို တုတ်တုတ်ပေါ့။ လေးစီး လောက်ဆိုတော့ နည်းနည်း လှုပ်သွားတာပေါ့။

မေး။      ။ အလုပ်သမားဌာနကရော ဒါကို ညွှိနှိုင်းအဖြေရှာပြီးလား။ အလုပ်ရှင်ဖက်ကကော ဘာပြော လဲ။

ဦးအောင်မျိုးဝင်း။  ။ မနေ့ က ရန်ကုန်က cap 1 ဦးထုပ်စက်ရုံက ကိုးရီးယားမှာလည်းရှိတယ်။ ဗီယက်နမ်မှာလည်း ရှိတယ်ပြောတယ်။ အဲဒီက ရန်ကုန်မှာရှိတဲ့ ရုံးချုပ်က ဒါရိုက်တာနှစ်ယောက် ဒီကို ရောက် လာတယ်။ ဒီဖက်က အစိုးရဖက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တချို့ လည်း လာတယ်လို့သိရတယ်။ အခုနက သူတို့ ကို သတ်မှတ်ထားတဲ့ မတရားစည်းကမ်းချက်တွေကိုလည်း ပယ်ဖျက်ပေးလိုက်တယ်၊ သူတို့ကို ဖိနှိပ်ချုပ်ချယ်တဲ့ကိစ္စ နောက်နောင် မလုပ်ဘူး။ အခု လက်ရှိ ဖိနှိပ်ချုပ်ချယ်မှုကို လုပ်တဲ့ All Super နဲ့super ကိုလည်း သူတို့က ရာထူးဖြုတ်ချပြီးတော့ ဒီစက်ရုံမှာမခိုင်းဘဲနဲ့သူတို့ ရန်ကုန် မှာရှိတဲ့ ရုံးချုပ်မှာ ခိုင်းဖို့တရားဝင် ဆုံးဖြတ်ချက် ချလိုက်တယ်။ မနေ့က ညနေ ၆ နာရီမှာ ချလိုက်တယ် အဲဒီအတွက်ကို။ ကလေးတွေ ရဲ့  တောင်းဆိုချက်တွေ ပြည့်သွားတာပေါ့ဗျာ။

မေး။      ။ ဦးအောက်မျိုးဝင်း ပြောတဲ့တိုင်း ဥပဒေအရတော့ ဒီလွတ်လပ်စွာ တောင်းဆိုခွင့်တွေ ရနေပြီးလို့ ပြောတယ်။ ခင်ဗျားတို့လည်းဘဲ ညွှန့်ပေါင်း သမဂ္ဂတွေ ပေါ်ထွက်ဖို့ ကြိုးစားနေတယ်ဆိုတာ့ အခုသမဂ္ဂဖွဲ့ ဖို့ဘာတွေ လိုအပ်နေသလဲ ဘယ်လောက်ထိ ရောက်နေသလဲ ဦးဇော်ဝင်း ပြောပါအုန်း။

ဦးဇော်ဝင်း။          ။ ဒီမြန်မာနိုင်ငံမှာ သမဂ္ဂတွေဆိုတာ အများကြီး ဖော်ဆောင်ဖို့ ဆိုတာ အရေးကြီးနေပါတယ်။ ဘာကြေင့် လဲဆိုတာ အလုပ်သမားတွေနဲ့ပတ်သက်တဲ့ နစ်နာချက်တွေက အများကြီးဖြစ်နေပါတယ်။ ဘာအခွင့် ရေးမှကို အခုချိန်ထိ မရသေးပါဘူး။ အဲဒါနဲ့ဘဲ ကျနော်တို့ဟာ မြန်မာနိုင်ငံဗဟို ညွှန်ပေါင်း သမဂ္ဂ ဖော်ဆောင်ရေး မဟာဗျူဟာ ရည်မှန်းချက် ကောက်မတီကို ဖွဲ့စည်းပြီးတော့ သမ္မတ ဦးသိန်းစိန် နှင့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တင်ခဲ့ ပါတယ်။ တင်တဲ့ကာလမှာ သူတို့ ကဘယ်လို အကြောင်းပြန်လဲဆို ကျနော်တို့ က ပုဒ်မ ၃၅၄ အရ ရည်းညွှန်ပြီးတော့  မြန်မာနိုင်ငံ ဗဟို ညွှန့် ပေါင်းသမဂ္ဂဖော်ဆောင် ရေး မဟာဗျူဟာ ရည်မှန်းချက်ကော်မတီ ဖွဲ့စည်းလိုက်ကြောင်း ကျနော်တို့က ထည့်သွင်းလိုက်တဲ့ အခါမှာ သူတို့က ထပ်ပြန်ထားတာက ၃၅၄ တွင် နိုင်ငံ တိုင်းသားသည် နိုင်ငံတော်လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး ပြည်သူတို့ကိုယ်စား ကိုယ်ကျင့်တရာလုံအောင် ပြဌာန်းထားသည့် ဥပေဒများနှင့် မဆန်ကျင့်လျှင် သုံးစွဲဆောင်ရွက်ခွင့်ရှိသည့် အခွင့်ရေးများကို ပြဌာန်းထားပါသည် ဆိုပြီး သူတို့က ပြန်ထည့်တယ်။ ပြန်ပြီးကျနော်ကို အကြောင်းပြန်တယ်။ သဘောကတော့ဗျာ ရှင်းရှင်းပြောရမယ်ဆိုလျှင် သူတို့က နိုင်ငံတော့ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးဖွဲ့ ဥပေဒပုဒ်မ ၆/၈၈ ပြဌာန်းထားသည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ပြီး ပြင်ဆင်ပြီးသော်လည်းကောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဆန့် ကျင်သော်လည်းကောင်း ပေါ်ပေါက်ခြင်းမရှိသဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဥပဒေသည် တည်ဆဲဥပေဒဖြစ်ကြောင်း ထင်ရှားတယ် ဆိုပြီးတော့ ပြန်ပြောထားတယ်ဆိုတော့ ကျနော်တို့ကို ပြန်ပြီးတော့ ပိတ်ထား တယ်ခင်ဗျား၊ တခုက ဖွင့်ပေး တယ်လို့ပြောတယ်၊ တခုက ၆/၈၈ နဲ့ ပြန်ပိတ်ထားတယ်။ အဲတော့ ကျနော်တို့က ဘယ်လို့မှ ဖွဲ့စည်း လို့မရသေးဘူး။ မရသေးတဲ့အတွက် အခု ကျနော်တို့အလုပ်သမားတွေမှာ အရမ်းဘဲ နစ်နာ နေပါတယ်ခင်ဗျား။

မေး။                  ။ ဟုတ်ကဲ့။ ဦးဇော်ဝင်းက ဖွဲ့လို့ မရဘူး။ ဒါပေမဲ့ လှုပ်ရှားမှုက ရှိတယ်ဆိုတော့ အရင်အစိုးရနဲ့ စာရင်အခုက ပိတ်ပင်တားဆီးတာတွေမရှိဘဲနဲ့  လှုပ်ရှားမှုကိုခွင့်ပြုနေတဲ့သဘောလား။

ဦးဇော်ဝင်း။          ။ သူတို့က ရှင်းပြောရင် သရေကွင်းလို ဆွဲလိုက် ဆန့်လိုက် လုပ်ငန်းသဘောမျိုး သူတို့လုပ် နေပါတယ်။ ဘာဖြစ်လို့ လဲဆိုရင် လိုအပ်ရင် လိုအပ်သလို ဒီဥပဒေနဲ့ ကျနော်တို့ ကို အရေးယူမယ်ဆိုပြီး ၆/၈၈ နဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပေဒနဲ့ သူက ပြန်ပြီးကိုင်ထားတယ်။ ကိုင်ထားတဲ့ အတွက် အဲဒီတွေပေါ်တွေမူတည်ပြီး တော့ ကျနော်တို့က ရှဉ့်လည်းလျှောက်သာ ပျားလည်းဆွဲသား ဆိုပြီးတော့ လှုပ်ရှား နေရပါတယ်ခင်ဗျား။

မေး။                  ။ ဦးမောင်မောင်ရေ အခု ကျနော်တို့ နိုင်ငံတကာအစည်းဝေးတွေ တက်ရောက်တယ် နောက်ပြီးတော့ freedom of association              ဆိုတဲ့ လွတ်လပ်စွာ အသင်းပင်းဖွဲ့စည်းမှုတွေလည်း ILO conference မှာ ဆွေးနွေးတော့မယ်လို့ကြားရတယ်။ ဦးမောင်မောင် အခု ပြည်တွင်းက ဖြစ်နေတဲ့ အခြေအနေ တွေဟာ အလုပ်သမား ITUC တွေက ဘာတွေ အဓိက သူတို့ မီးမောင်းထိုးပြီး ပြဖို့  ရှိလဲ။

ဦးမောင်မောင်။     ။ ကျနော်တို့ပြောတဲ့ တင်ပြတဲ့အနေထားဘဲရှိပါတယ်။ ကျနော်တို့  တင်ပြတာကလည်း ခုနက ရဲဘော် တယောက် ပြောထားသလို ၆/၈၈၊ ၂/၈၈၊ နောက်ထပ်တခါ မတရားတဲ့အသင်း ကြေငြာချက် နောက်တခါ ၁/၂၀၀၆ တို့ဆိုတဲ့ဥစ္စာတွေက ပြင်ဆင်မှု မရှိသေးဘူး။ ဒီဟာတွေကို ပြင်ဆင်ပေးမှသာလျှင် ILO မှာ လက်မှတ်ထိုးထားတဲ့ convention ပေါ့ သဘောတူညီချက် ၈၇ နဲ့အတူ လိုက်လျောညီထွေမှ ဖြစ်တဲ့ အတွက်ကြောင့် ဒါတွေကို ပြင်ပေးဖို့ လိုတဲ့အကြောင်းရယ်၊ နောက်တခုက ခုနက ပြောတဲ့ ပုဒ်မ ၃၅၄ ပေါ့ဗျား လွတ်လပ်စွာ ဖွဲ့စည်းမှုကို ပိတ်ပင်နိုင်တယ် တာဆီးနိုင်တယ် အချုပ်ချနိုင်တယ်ဆိုတဲ့ကိစ္စရှိတယ်၊ ဒီ ၃၅၄ ကို ပြင်ပေးဖိုရယ် နောက်တခါ မတရားတဲ့ အသင်းကြေငြာချက် ခုနဟာ တွေကို တင်ပေးဖို လိုတဲ့အကြောင်း အဲဒါ တွေကိုတော့ ဆက်လက်ပြီးတော့ ပြောဆိုသွားမှာဖြစ်ပါတယ်ခင်ဗျား။

မေး။                  ။ အခု ဒီလို ဆွေးနွေးကျတဲ့အခါ ပြည်တွင်းက ကိုယ်စားလှယ်တွေ ဖက်က အစိုးရ အလုပ် သမားဌာနက ဘာတွေတုံ့ ပြန်လဲ။  

ဦးမောင်မောင်။     ။ ဒီမှာတော့ဗျာ အလုပ်သမား ၀န်ကြီးဌာက  ပုဂ္ဂိုလ်တွေ ပါလာပေမဲ့ ဒီနှစ်မှာဆို အလုပ်သမား ကိုယ်စားလှယ်မပါလာဘူးခင်ဗျား၊ နောက်တော့ အင်္ဂါမစုံတဲ့ delegation လို့  ပြောရမှာပေါ့ဗျား။ နောက်တခုက ဘာလဲဆိုတော့ ဒီမှာ ပြောပိုင်ခွင့်ရှိတဲ့ အလုပ်သမားကိုယ်စားလှယ်မပါလားဘူး။ အလုပ်ရှင်ကလည်း ဘယ်တော့မှ ဘာမှမပြော ပါဘူး။ ကျနော့်အတွေ့ကြုံ အနှစ် ၂၀အရ။ ကျနော် အခု လက်ရှိ ပါလာတဲ့ သံရုံးကသော်လည်း ကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနကသော်လည်းကောင်း သူတို့ က ပြောတာများတဲ့အတွက်ကြောင့် ဒီမှာ အလုပ် သမားသမဂ္ဂ ကိုယ်စားလှယ်အဖြစ် အလုပ်သမားအနေနဲ့ ၀င်ရောက်ပြီး ပြောဆိုတဲ့ ပုဂ္ဂိုလ် တယောက်မှ မရှိဘူးဆို တာကိုတော့ ကျနော် တင်ပြနိုင်ပါတယ်ခင်ဗျား။

မေး။                  ။ အခု ပြည်တွင်းကို ပြန်ကြည့်လို့ ရှိရင် အခု သူတို့ ဈေးကွက်စီးပွားရေးစနစ်ကို ပုံဖော်နေတယ် ဒီမိုကရေစီကို သွားနေတယ်လို့ပြောတယ်။ အခု အခြေခံရပိုင်ခွင့်တွေဟာ ပုဂ္ဂိုလိက ကုမ္ပဏီတွေမှာ တောင်း လိုက် ညှိလိုက် ပြေလည်သွားလိုက် သူတို့ တခုချင်းလုပ်နေကြတာပေါ့နော်။  အစိုးရ စက်ရုံ အလုပ်ရုံတွေ မှာရော ဒီလို ပြဿနာရှိလား ဦးဇော်ဝင်း သိရင် ပြောပါအုန်း။

ဦးဇော်ဝင်း။          ။ လက်ရှိ အလုပ်သမားတွေက နစ်နာချက်တွေဟာ ဘယ်တော့မှ ပြေလည်တယ်လို့ မရှိသေးပါဘူး၊ ဘာဖြစ်လို့လဲကြည့်ရင် အလုပ်ရုံတွေ စက်ရုံတွေမှာ အခု လုပ်နေရတဲ့ အလုပ်သမားတွေဟာ အချိန်ပို ပိုင်းဆိုင်ရာအနေနဲ့ရှင်းရှင်းပြောရင် တောင်းဆိုခဲု့ပြန်ရင်လည်း သူတို့ဥပဒေအကြောင်းတရားအရ ဘာဖြစ်လို့လဲ ဆိုရင် လစာလေးပို ပေးထားတယ်ဆိုပြီးတော့ အချိန်ပို အလုပ်သမားခတွေလည်း မပေးပါဘူး။ မပေးတဲ့အပြင် အလုပ်သမားတွေဟာ ဘယ်လောက်နစ်နာရသလဲဆိုရင် ကျနော်တို့  လက်ရှိ ကိုင်တွယ်နေရတဲ့ တောင်တွင်းကြီးမြို့မှာရှိတဲ့ ကိုင်ခင်မောင်ဝင်းဆိုတာမျိုးဟာ သူက မီးရထား အလုပ်သမားတယောက်ပါ။ မီးရထား အလုပ်သမားတယောက်က သူက သံလမ်းအလုပ်သမားတယောက်ဆိုတော့ ပေါက်တူးတဲ့ ပေါက်တဲ့အခါမှာ ခဲက မျက်လုံးစင်သွားပြီးတော့ မျက်လုံးကွယ်သွားပါတယ်။ မျက်လုံးကွယ်သွားပြီးတော့ အမှုနဲ့ပတ်သက်ပြီးတော့ ကိုခင်မောင်ဝင်းဟာလက်မှာလည်း အကြိတ်ဖြစ်လာပြီးတော့ အဲဒါကို သူက အလုပ်မဆင်းနိုင်တဲ့ အချိန် ရောက်လာတယ်။ အလုပ်မဆင်းနိုင်တဲ့ အချိန်ရောက်လာတော့ သူက မီးရထားဌာနမှာ စောက ပြောသလို သူက နေပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လုပ်သက်က ၂၃ နှစ် ရောက်နေတဲ့အတွက် ဆေးပင်စင် တင်ပါ တယ်ခင်ဗျား။ ဆေးပင်စင် ယူတာကို ခွင့်မပြုဘဲနဲ့အခု အလုပ်ကို ထုတ်ပစ်လိုက်ပါတယ်။ အလုပ်ထုတ်ပစ် လိုက် တဲ့အတွက် ဒီအလုပ်သမားမှာ အရမ်း နစ်နာ သွားပါတယ်။ ဘာအခွင့်ရေးမှ မရတဲ့အပြင် မရတာနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့် အင်ဂျင်နီယာ ဌာနတွေကို တိုင်ပါသော်လည်း ဘာမှ ရှင်းရှင်းပြောရင် မရဘဲနဲ့  အခုမှ ဘာကြောင် တိုင်သလဲဆိုပြီး ကိုခင်မောင်ဝင်းကို လာပြီးကြိမ်း မောင်းနေကြပါတယ်။ ပင်စင်လည်း မပေးတဲ့အပြင် နစ်နာကြေးလည်း ဘာမှမပေးဘူး။ ကိုခင်မောင်ဝင်းမှာ တော်တော်ဒုက္ခရောက်နေတယ်။ ဘာအခွင့်ရေးမှ မရသေး ပါဘူးခင်ဗျား။

မေး။                  ။ ဟုတ်ကဲ့ ။ ဖြစ်ရပ်တခု ဥပမာပေါ့ဗျာ။ ကျနော်ပြောချင်တာက အစိုးရလုပ်ငန်းတွေမှာ သိပ်ပြီးတော့ လှုပ်လှုပ်ရှားရှား ပြင်ပကုမ္ပဏီတွေလောက် မဖြစ်တာက သူတို့မှာ ဘာကြောင့်။ သူတို့မှာ အတိုင်းတာတခုထိလောက် အလုပ်သမားဝန်ကြီးဌာနနဲ့ အတိုင်းတာတခုထိ ပြေလည်မှု ရထားလို့ လား။

ဦးဇော်ဝင်း။          ။ အမှန်တကယ် ခံစားခွင့်ပိုင်ဆိုင်ရာအနေနဲ့  ပြောမယ်ဆိုရင် အလုပ်သမားစစ်စစ်တွေမှာ ဘာခံစားခွင့်မှ မရပါဘူး။ အလုပ်သမားတွေရဲ့ဥပဒေပိုင်းဆိုင်ရာနဲ့ဆိုရင် လက်ဖက်ရည်သောက်ချိန်တို့ ထမင်းစား ချိန်တို့ပေးရပါတယ်။ အဲဒီ အချိန်တွေကိုလည်း တိတိကျ မပေးပါဘူး။ မပေးတဲ့အပြင် အလုပ်သမား တယောက်ဟာ ၈နာရီ ဆိုပြီးတော့ အလုပ်လုပ်မယ်ဆိုပြီး အလုပ်သမားတွေကို ဥပေဒထုတ် ထားပေမဲ့ ၈နာရီ ကျော် ပြီးအလုပ်လုပ်နေရတာ အခု တွေ့နေရပါတယ်။ အဲလို တွေနေရတဲ့အတွက် အများကြီးနစ်နာ နေသလို သူတို့လိုဘဲ အလုပ်သမားတွေရဲ့အခွင့်ရေးဆိုတာ ဘယ်ဟာကို ပြရမလဲဆိုတာ  ပြောရခက်နေပါတယ်။ ဘာ ကြောင့် လဲဆိုတော့ over time မပေးတဲ့အခြေအနေရောက်နေပါတယ်။ လစာတွေတိုးပေးထားလို့over time ကြေး မပေးနိုင်ဘူးဆိုပြီး စက်ရုံးအလုပ်ရုံတွေမှာရှိတဲ့ အလုပ်ရှင်တွေကလည်း သူတို့က ပြင်ပက အလုပ် ရှင် ဖြစ် တယ်  ပြည်တွင်းက လုပ်ရှင်တွေလည်း ဖြစ်တဲ့အတွက် သူတို့တွေက အလုပ်သမားတွေရဲ့လုပ်အားခပိုရလေ၊ ရှင်းရှင်းပြောရရင် သူတို့အတွက် အကျိုးရှိလေ ဖြစ်တဲ့ အတွက် သူတို့ကလည်း မှေးပြီးလိုက်နေကြတဲ့အတွက် အလုပ်သမားတွေရဲ့ အခွင့်အရေးဆိုတာမျိုးက ဘာမှ မရခဲ့သေးပါဘူး ခင်ဗျာ။

မေးခွန်း။             ။သတင်းမီဒီယာတွေမှာ ကြားနေရတာက လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့  ပတ် သက်ပြီးတော့ လောလောဆယ် အစိုးရပိုင်းက အလုပ်သမား တောင်းဆိုမှုတွေက တဆင့် နိုင်ငံရေးအင်အား စုတွေက ပြီးတော့ နိုင်ငံရေးတောင်းဆိုမှုတွေ ဖြစ်လာမှာ စိုးတဲ့အတွက် သိပ်ပြီးတော့ ဒါကို အားမပေးဘူးဆိုတဲ့ သတင်းတွေ ဖြစ်နေတယ်လေ။ အဲဒိဟာကရော ဟုတ်လား ဦးဇော်ဝင်း။

ဦးဇော်ဝင်း။          ။ ဟုတ်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ အသင်းအပင်းဖွဲ့စည်းမှု ဆိုင်ရာ ဥပဒေကို တဲ့ သူတို့ က ဘယ်လိုလုပ်ထားလဲဆိုတော့ ပြည်သူတို့၏ ကိုယ်ကျင့်တရား အလို့ငှာ တည်ဆဲပြဌာန်းထားတဲ့ ဥပဒေ တရပ်ရပ်နဲ့ ဆန့်ကျင် ပါက အကြောင်းအချင်းရာပေါ် မူတည်၍ သက်ဆိုင်ရာက ဥပဒေအရ အရေးယူခြင်း ခံရမည် ဆိုပြီး ပြလည်းပြဌာန်းထားပါတယ်။ အဲဒါက ၀န်ကြီးချုပ်ရုံးကနေ  ထုတ်ပြန်ထားတဲ့စာပါ။ အလုပ်သမားတွေရဲ့ အကျိုး ကို တကယ်ဆောင်ရွက်ပေးနေတဲ့ အလုပ်သမားများ၊ သမဂ္ဂများနဲ့ အဖွဲ့အစည်းများ၊ အလုပ်သမား ညွန့်ပေါင်း ဆိုတဲ့ အဖွဲ့အစည်းများ၊ အဲဒိအဖွဲ့အစည်းများက အခုလုပ်နေတဲ့ ကာလမှာ အိုင်အယ်လ်အို ကိုယ်၌ ကနေတောင်မှ ဥပမာ လေးတခု ပေးပါတယ်။ အငှားဗိုက်နဲ့ ဗိုက်ကို ဓားထိုးမခံကြပါနဲ့ ခင်ဗျားတို့လုပ်နေတဲ့အခါမှာ ခင်ဗျားတို့ မြန်မာနိုင်ငံမှာ ဥပဒေကြောင်းအရာတွေနဲ့ ကျွန်တော်တို့ လုပ်လည်းလုပ်ပေးတာတောင်မှပဲ။ ကျွန်တော်တို့အနေနဲ့ အိုင်အယ်လ်အိုကိုယ်၌ ကိုက လုပ်ထားတဲ့ လက်ရှိ မြန်မာပြည်မှာဖြစ်နေတဲ အမှုတွဲတွေဟာ များပြားလွန်းအားကြီးတော့ section တိုးချဲ့ပြီးတော့ အလုပ်သမားခန့် ဖို့ကိစ္စအတွက်တောင် ခွင့်မပြုပါဘူး။ အဲဒိအထိကို အိုင်အယ်လ်ကိုယ်၌လည်း အခက်အခဲတွေ့နေပါတယ်။ ကျွန်တော်တို့ သမဂ္ဂတွေဆိုတာမျိုးက တရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းမဟုတ်တဲ့အတွက် ကျွန်တော်တို့ အတွက် ရှင်းရှင်းပြောရမယ်ဆိုရင် ရဲရဲတင်းတင်းလုပ်ဖို့ဆိုတာမျိုးထက် သူတို့တွေက ကျွန်တော်တို့ကို စောင့် ကြည့်တဲ့ အနေအထားမျိုးကို ကျွန်တော်တို့ရောက်နေပါတယ်။ ဘယ်လိုမှ ဘာအခွင့်အရေးမှ မရပါဘူး။

မေး။                  ။ နိုင်ငံတကာ မျက်နှာစာက ကြည့်ရင်ရော။ ဦးမောင်မောင်တို့ဘက်ကရော ဒီလိုကန့်သတ် ချက်တွေ ရှိမယ်ဆိုရင် အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ အစည်းအဝေးတွေမှာ ဘာတွေလုပ်လို့ရလဲ။

ဦးမောင်မောင်။     ။ အိုင်အယ်လ်အို ဆိုတဲ့ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်နဲ့ အိုင်တီယူစီ အပြည်ပြည်ဆိုင်ရာ လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်က သဘောထားချင်း၊ အမျိုးအစားချင်း မတူဘူးပေါ့ဗျာ။ အလုပ်သမား သမဂ္ဂက တောင်းဆိုပြီးတော့ အိုင်အယ်လ်အိုထဲမှာ ကျွန်တော်တို့ တွန်းတွန်းတိုက်တိုက်လုပ်လို့ ဒီအနေအထား ထိ ရောက်လာကြတယ်။ အလုပ်သမားသမဂ္ဂပေါ်ဖို့ကိစ္စအတွက်ကတော့ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ အိုင်အယ်လ်အို ကတော့ ကျွန်တော်တို့ကို ဘေးကနေပြီးတော့ ၀န်းရံတဲ့ အနေအထားပဲ ရှိတယ် ဆိုတာကိုတော့ ကျွန်တော်ပြန်ပြီးတော့ တင်ပြချင်တယ်။ အခုကျွန်တော် အပြည်ပြည်ဆိုင်ရာမှာ ရောက်နေသလို ပြည်တွင်းမှာလည်းပဲ ကျွန်တော့်အဖွဲ့အစည်းတွေရှိပါတယ်။ ကျွန်တော့်ထဲက ရဲဘော်၊ ရဲမေ ၅၄ ယောက် အခု ထက်ထိ အချုပ်ထဲမှာ ရှိပါတယ်။ အဲဒိထဲမှာ ၀န်ထမ်းတွေက အကျိုးစီးပွားပိုရသလားဆိုတော့ မရပါဘူး။ ဒိအပြင် အာရုံစိုက်မှုမခံရတာက လက်နက်ကိုင်အဖွဲ့အစည်းတွေကပါ။ တနိုင်ငံလုံးမှာ ရှိတဲ့ အလုပ်လုပ်စားရတဲ့ သူ အားလုံး ဒုက္ခ ရောက်နေကြတာပါ။ ဒါကိုလည်း ကျွန်တော်တို့ အိုင်တီယူစီကနေတဆင့် ကမ္ဘာ့အလုပ်သမားရေး ရာ အဖွဲ့ချုပ်ကို တင်ပြထားတယ်။ ဒီနေရာမှာ ကျွန်တော်တို့တော့ ဖိအားကိုတော့ ဆက်ပေးမှာပဲ။ ဖိအားကို ဆက်ပေးတဲ့ နေရာမှာ ကျွန်တော်တို့လုပ်နိုင်တဲ့ ယန္တရားတခုရှိတယ် အဲဒါက စီးပွားရေးပိတ်ဆို့မှုပါပဲ။ စီးပွားရေး ပိတ်ဆို့မှုဆိုတာက တချို့ ပြည်တွင်းမှာက ပြောကြတယ်။ စီးပွားရေးပိတ်ဆို့တဲ့အတွက် ပြည်သူတွေ ဒုက္ခ ရောက်ကြတယ်။ မရောက်ပါဘူး။ စီးပွားရေးပျက်နေတာ ကြာပါပြီ။ တလကို ဒေါ်လာ ၇၀ ရတယ်ဆိုတဲ့ လူက ၇ သောင်းပေါ့ဗျာ။ ဒါတောင် အရမ်းကျေးဇူးတင်စရာဖြစ်နေတယ်။ ဒါတောင် ကျွမ်းကျင်လုပ်သားဖြစ်တယ်။ ပုံမှန် တလကို ဒေါ်လာ ၃၀ ရတဲ့ အတွက် ၃ သောင်း ရတဲ့ အလုပ်သမားက ဘယ်လိုမှ မခံနိုင်ပါဘူး။ ပြောမယ်ဆိုရင်တော့ဗျာ၊ ပုဂ္ဂလိက အပိုင်းမှာပေါ့၊ အစိုးရ ကဏ္ဍကျတော့ ပိုဆိုးပါတယ်။ ဆရာ၊ ဆရာမတွေက ၀ိုင်း ကျူရှင်တွေ ပေးရတယ်ဆိုတဲ့ ကိစ္စ၊ ရဲတွေက လာဘ်စားတယ်ဆိုတဲ့ ကိစ္စက အမျိုးစုံပေါ့၊ ဒီလိုကိစ္စတွေက စားဝတ်နေရေး မပြေလည်လို့ ဖြစ်တာတွေပဲ။ ဒါကြောင့်မို့လို့ ပေါ်လစီအရ အလုပ်သမားတွေ ကိုယ်စားပြု တဲ့ အလုပ်သမားသမဂ္ဂတွေပေါ်ပေါက်ရေး။ နောက်တခါ အသင်းအပင်းဖွဲ့စည်းမှုကို ၂/၈၈ ၊ ၆/၈၈ တို့ကိုတော့ ပယ်ဖျက်ဖို့ ကိုတော့ ဆက်ပြီးတော့ တိုက်ပွဲဝင်နေမယ်။ ဒီနေ့ ညနေ ကျွန်တော်တင်ပြမယ့် အထဲမှာ ဒါကို မလုပ်ဘူးဆိုရင် ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးကော်မရှင် Commission of Inquiry ထပ်ဖွဲ့သင့်တယ်ဆိုတာကို ဒီနေ့ ညနေ ထပ်ပြီးတော့ အိုင်အယ်လ်အိုကို တိုက်တွန်းမှာပါခင်ဗျ။

မေး။      ။ အဲဒိတော့ ဦးဇော်ဝင်းရေ ခုနက ဦးမောင်မောင်ပြောတဲ့ လိုရင်းက အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး ဆိုတာက ခုနက အိုင်အယ်လ်အိုရဲ့ remit မဟုတ်ဘူး ကိုယ့်ဘာသာကို လှုပ်ရှားရမယ်ဆိုတဲ့ တချက်၊ နောက် တချက်က အစိုးရဘက်က မလိုက်လျောရင် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို ဆက်ထားသင့်တယ်လို့လည်းပြောတယ်။ တဘက်ကလည်း ဟိုတုန်းက အထည်ချုပ်လုပ်ငန်းတွေပိတ်လိုက်ရ တဲ့အတွက် လူတွေက ဘယ်လောက်အထိ ဒုက္ခရောက်တယ်၊ အလုပ်သမားအခွင့်အရေးတွေ ဘယ်လောက် အထိ ဆုံးရှုံးရတယ်ဆိုတာကို အစိုးရဘက်က တုန့်ပြန်တယ်လေ။ အဲဒိတော့ ဦးဇော်ဝင်းတို့ရော ဒီလို စီးပွားရေး ပိတ်ဆို့ အရေးယူတာတွေဟာ ထိရောက်သလား၊ အလုပ်သမားတွေအတွက် ပိုပြီးတော့ နစ်နာသလား။ ဦးဇော်ဝင်းအမြင်ကို ပြောပါအုံး။

ဦးဇော်ဝင်း။          ၊ စီးပွားရေးပိတ်ဆို့မှု ဆိုတာက တကယ်ထိရောက်ပါတယ်။ အလုပ်ရှင်တွေဆိုတာ က ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်နဲ့ နွယ်တဲ့ဆွေးမျိုးတွေပဲ ရှိပါတယ်။ ပြည်သူပြည်သားထဲက အလုပ်ရှင်ဆိုတာ မရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ အရင်းအနှီးလည်းမရှိဘူး။ အဲဒိတော့ သူတို့ ကိုယ်၌ကိုယ်က တကယ်ကို ထိနေတဲ့ အတွက် သူတို့ တွေက ဒီ sanctions နဲ့ ပတ်သက်လို့ ဖွင့်ပေးဖို့ကို အမျိုးမျိုးတောင်းဆိုနေတာပါ။ ဆုံးရှုံးနစ် နာသူတွေက ဗိုလ်ချုပ်တွေနဲ့ ဗိုလ်ချုပ်တွေနဲ့ နွယ်တဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ ၂ သန်းလောက်တောင် မရှိတဲ့ သူတွေက ပဲ ဒုက္ခရောက်နေတာပါ။ တကယ့်တကယ်က sanctions ကာလမှ အလုပ်သမားတွေနဲ့၊ လယ်သမားတွေနဲ့ ၊ အခြေခံလူတန်းစားတွေ ဘာမှ မထိခိုက်ဘဲနဲ့ အခုဗိုလ်ချုပ် နဲ့ နွယ်တဲ့သူတွေက တနေ့ကို သိန်းတထောင်လောက် ၀င်ငွေရနေရာက သိန်း ၂ ရာလောက်ပဲဝင်ငွေရတော့ တော်တော်စိတ်မကောင်း ဖြစ်မိတယ်။ sanctions က တော်တော်ထိရောက်ပါတယ်ခင်ဗျား၊

မေး။      ။ sanctions ကတော့ ခုနက ပြောလို့ အစိုးရက လူထုထိခိုက်တာလို့ ပြောတယ်။ ဦးဇော်ဝင်းတို့ တကယ့် အခြေခံလူတန်းစားတွေကပြောတော့ ဗိုလ်ချုပ်တွေ ထိခိုက်တယ်လို့ပြောတယ်။ ကိုမောင်မောင်ကရော ဘာပြောမလဲ။ ပြောပါအုံး။

ဦးမောင်မောင်။     ။ ကျွန်တော်တို့က selected ရွေးချယ်ပြီးတော့ အကျိုးသက်ရောက်မှု ရှိစေမယ့် စီးပွားရေး ပိတ်ဆို့မှုတွေကို ကျွန်တော်တို့ စဉ်းစားနေတာပါ။ အခုကတော့ ကြိုးစားနေတာကတော့ အာမခံလုပ်ငန်းတွေကို အပြည်ပြည်ဆိုင်ရာမှာ ပြန်ပြီး တော့ reinsurance ပြန်လည်ပြီးတော့ အာမခံတဲ့ ကုမ္ပဏီကို တောင်းဆိုမယ်။ ဖိအားပေးမယ်။ အဲဒိဟာက အများစုသည် ၉၀ ရာခိုင်နှုန်းသော ပြည်သူလူထုနဲ့ တိုက်ရိုက်သက်ဆိုင်တာ မရှိဘူး။

မေး။      ။ အဓိက ကျွန်တော်သိချင်တာက ခုနက အလုပ်သမားတွေရဲ့ ရပိုင်ခွင့် ဆုံးရှုံးတယ်၊ အများစုက သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရဘူးဆိုတာ ပေါ်လွင်ပြီ၊ ဒီအလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ခန့် ထား ရေး ဆိုင်ရာ ဥပဒေသစ်တွေကိုလည်း ရေးဆွဲနေတယ်တဲ့။ တဘက်ကလည်း ဒီအပေါ်မှာ နိုင်ငံရေး အမြတ်ထုတ် မှုတွေ ရှိရင် တိုင်းပြည်ဟာ မဆူသင့်ဘဲ ဆူလာနိုင်တယ်ဆိုတဲ့ အယူအဆတွေလည်း အစိုးရသစ်မှာ လုံခြုံရေး ဘက်ကနေစဉ်းစားနေတယ်လေ။ အဲဒါတွေရော ဖြစ်သင့် ရဲ့လား ဦးဇော်ဝင်း၊

ဦးဇော်ဝင်း။          ။ ကျွန်တော်တို့ အမြတ်ထုတ်မှုရယ်လို့ မဟုတ်ဘူး၊ ကျွန်တော်တို့က အလုပ်သမားအခွင့် ရေးအတွက်ပဲ လုပ်နေတာ။

မေး။      ။ ဒီလိုအခြေခံ လူမှုရေး မကျေနပ်မှုတွေကြောင့်မို့လို့ အခုလို အာဏာရှင်ဆန်တဲ့ အစိုးရတွေရဲ့ အုပ်ချုပ်မှုတွေကို အခု အရှေ့အလယ်ပိုင်းမှာ ဖြုတ်ချနေကြပြီလေ။ ဒါတွေဟာ တချို့က ဒီကနေတဆင့် မီးပွား တွေ ဖြစ်နိုင်တယ်လို့ တချို့က စွပ်စွဲနေကြတာကို ဦးမောင်မောင်တို့ က ရော ဘယ်လိုသဘောရလဲ။

ဦးမောင်မောင်။     ။ ကျွန်တော်တို့ အနေနဲ့ကတော့ လူပေါင်းစုံတိုက်ပွဲကတော့ ဖြစ်မှာပဲ။ အဲဒါကို နိုင်ငံရေး အမြတ်ထုတ်မှု လို့ ပြောချင်ပြော၊ မပြောချင်နေ၊ ကျွန်တော်တို့ကတော့ တိုက်စရာ ရှိတာ တိုက်ရမှာပဲလို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။

မေး။      ။ သောတရှင်တို့ ခင်ဗျား မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေးတွေနဲ့ ပတ်သက်လို့ အလုပ်ရှင် နဲ့ အလုပ်သမားတွေရဲ့ ကြားမှာတော့ ပဋိပက္ခ ဆက်ဖြစ်နေအုံးမှာပါ။ တဘက်မှာ တော့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ဖြေရှင်းပေးနိုင်တာတွေ ရှိပေမယ့်လို့ ပြန်ပြေလည်ဖို့ဆိုရင်တော့ ခေတ်နဲ့ မညီတော့တဲ့ အလုပ်သမားဥပဒေတွေ ပြင်ဆင်ပြီးတော့ အသစ်ပြဌာန်းဖို့ လိုမယ်လို့ ယူဆတဲ့အကြောင်း မြန်မာ့ အရေး ကမ္ဘာ့အရေး အစီအစဉ်က စီစဉ်တင်ဆက်လိုက်ရပါတယ်ခင်ဗျား။။။။။

No comments:

Post a Comment