Friday, June 17, 2011

စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ FTUB တောင်းဆို


၂၀၁၁ခုနှစ် ဇွန်လ ၁၆ရက်
ညပိုင်းအစီစဉ်
ဗွီအိုအေ

တိုင်းရင်းသားအများစု နေထိုင်ရာ နယ်စပ်ဒေသအရေး ဆွေးနွေးညှိနှိုင်းမှုတွေ သေသေချာချာ မလုပ်ဆောင်နိုင်ဘဲ စစ်ရေး ပဋိပက္ခရှိနေတဲ့အချိန်မှာ ဆစ်ဇာလန်မြို့မှာကျင်းပနေတဲ့ အကြိမ် ၁၀၀ မြောက် ILO အဖွဲ့ကြီးရဲ့ အစည်းဝေးတွင်း  မြန်မာအလုပ်သမားဝန်ကြီး ဦးအောင်ကြည် ကနေ နယ်စပ်ဒေသတိုးတက်ဖို့ အစိုးရသစ်အဖွဲ့က ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ အလုပ်သမားထုအတွက် လုပ်ဆောင်နေမှုတွေကို ပြောကြားခဲ့ပါတယ်။ အစည်း ဝေးတက်ရောက်နေတဲ့ FTUB မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကတော့ မြန်မာအစိုးရ သစ်ဟာ  လှည့်ဖြားပြောဆိုနေတဲ့လို့ စွပ်စွဲလိုက်ပြီး အမှန်တကယ်လုပ်ဆောင်နေတာကို သိရှိစေဖို့ စုံစမ်းစစ်ဆေး ကော်မရှင်တရပ် ဖွဲ့စည်းစုံစမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းကို ဘန်ကောက်ရုံးက ဒေါ်ခင်မျိုး သန့်က ပြောပြပေးမှာဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသန့် ။    ။ ဟုတ်ကဲ့ပါ။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ အကြိမ် ၁၀၀ မြောက် ILO အဖွဲ့ကြီး အစည်းဝေးမှာ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီး ဦးအောင်ကြည်က မြန်မာနိုင်ငံက အလုပ်သမားထုအတွက် အစိုးရသစ်အဖွဲ့ လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး ပြောကြားသွားခဲ့တယ်လို့ အစည်းဝေးကို တက်ရောက်နေတဲ့ FTUB မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် တာဝန်ခံ ဦးသန်းလွင်က ပြောပါတယ်။

ဦးသန်းလွင်။        ။ လောလောဆယ်က တိုင်းပြည်အနေနဲ့ ဆပ်ကူးမက်ကူးကာလပေါ့လေ။ သူတို့အနေနဲ့ အစိုးရသစ်ကလည်း ကျမ်းကျိန်ဆိုတာတွေကို မတ်လ ၃၁ ရက်နေ့က လုပ်ပြီးပြီပေါ့နော့်။ ဒါကြောင့်မို့လို မကြာခင်မှာ အလုပ်သမားဥပဒေသစ်တရပ် ပေါ်ထွန်းလာဖို့ ရေးဆွဲနေပြီးအကြောင်းပြောတယ်။ ပြီးတော့ တခါ တိုင်းပြည်မှာ အလုပ်သမားထုအတွက် အခြေခံ လစာ စားသုံးကုန်ကုန်ကျစရိတ်တွေပေါ့နော် လူမှုကုန်ကျစရိတ်နဲ့ပတ်သက်ပြီး တော့လည်း ကာမိအောင်လည်း ပေးထားတယ်ဆိုတဲ့အကြောင်း ပြီးတော့တခါ အခြေခံဥပေဒရေးဆွဲ ပြီးပြီဆိုရင် အလုပ်သမားတွေရဲ့ အခွင့်ရေးတွေအတွက် ဒီဟာကို ပြည့်မှီအောင် ပေးမှာဆိုတဲ့အကြောင်းတွေကို ဒါတွေကို ပြောသွားပါတယ်။

ဒေါ်ခင်မျိုးသန့်။                 ။ ဒါအပြင် တိုင်းရင်းသားအများစု နေထိုင်ရာ နယ်စပ်ဒေသအခြေအနေ တိုးတက်  ကောင်းမွန်အောင် လုပ်ဆောင်နေတယ်လို့ပြောဆိုပြီး တကယ့်အခြေအနေမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့အပြင် လက်တွေ့မှာတော့ အလုပ်သမားထုအတွက် ၀င်ငွေနဲ့ထွက်ငွေ မမျှတဘဲ မလောက်မငှဖြစ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်၊

ဦးသန်းလွင်။        ။ အလုပ်သမားဝန်ကြီးပြောတဲ့ဟာတွေက တကယ့်လက်တွေ့အခြေအနေနဲ့ လုံးဝမကိုက် ညီဘူး။ တိုင်းပြည်မှာ rural ဧရိယာခေါ်တဲ့ အစွန်းဖျားဒေသတွေပေါ့ အဲဒီဒေသတွေမှာလည်း တိုးတက်ဖွံ့ဖြိုး အောင်လို့ အစိုးရက အဲဒီဒေသမှာရှိတဲ့ အဖွဲ့စည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါ တယ်ဆိုတာတွေကလည်း မမှန်ကန်ပါဘူး။ တိုင်းရင်းသားအများ စုရှိတဲ့ ဝေးလံခေါင်းပါးတဲ့ဒေသတွေမှာ အင်မတန် လူထုမှာ ဒုက္ခရောက်ပြီး ငတ်မွတ်ခေါင်းပါး နေပါတယ်။ တိုင်းပြည်မှာ အနိမ့်ဆုံးလစာ သတ်မှတ်ချက် မရှိသောငြားဘဲလည်း ကျနော်တို့ ကြည့်တဲ့အခါမှာ ဥပမာအားဖြင့် စက်ရုံအလုပ်သမား တယောက်ဟာ အထည်ချုပ်အလုပ် သမားတယောက်ဟာ တကယ်လစာ နှစ်သောင်းကျော် သုံးသောင်းဘဲရတယ်။ ဒီဟာတွေဟာ လက်တွေ့ အလုပ်သမား မိသားစုတွေ ကုန်ကျတဲ့ စာသုံးစရိတ်အတွက် လုံးဝ မကာမိဘူး။ လိုအပ်တဲ့အရာနဲ့ ဆယ်ရာခိုင်နှုန်းလောက်ဘဲ ရှိတယ်လို့ ကျနော်မြင်ပါတယ်။

ဒေါ်ခင်မျိုးသန့်။                 ။ မြန်မာအစိုးရသစ်အနေနဲ့ အခုလို လက်တွေ့ လိုအပ်ချက်တွေ  မပြည့်မစုံ ဖြစ်နေတာတွေအတွက် အရင်ဆုံးလုပ်ဆောင်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ အသင်းပင်း ဖွဲ့စည်းရေးလိုမျိုး အရင်ကတည်းက ကုလသမဂ္ဂနဲ့ လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံအတွက် ဥပေဒသစ် တရပ်ထုတ်ပြန်ပြီး ဖွဲ့စည်းခွင့် ပေးစရာမလိုဘူး လို့လည်း ပြောပါတယ်။

ဦးသန်းလွင်။        ။ တကယ့်တကယ်ကျတော့ မြန်မာနိုင်ငံဟာ လွတ်လပ်စွာ အသင်းပင်းများ ဖွဲ့စည်းခွင့်ဆို တာကို လက်မှတ်ရေးထိုးအတည်ပြုခဲ့တာ ၁၉၅၅ခုနှစ်ထဲက ဖြစ်တယ်။ အဲဒီထဲက အစဉ်ဆက်လိုက် ၁၉၆၂ ခုနှစ် မှာမှ တက်လာတဲ့ အာဏာရှင်အစိုးရ မပေါ်ခင်ထိ အလုပ်သမားထုဟာ လွတ်လပ်စွာအသင်းပင်း ဖွဲ့စည်း ခွင့်ဆိုင်ရာဆိုတဲ့ဟာကို ကျနော်တို့ ကျင့်သုံးခဲ့ကြ တယ်။ လက်တွေ့ ဆောင်ရွက်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ပိတ်ပင့်ထားတယ်။ ဒါ ရှိပြီးသားဟာကြီးကို ဥပဒေသစ်ရေးဆွဲပြီးမှ အလုပ်သမားထုကို ခံစားခွင့်ပေးတယ်ဆိုတာ  မတရားဘူး  မမှန်ဘူး။ မြန်မာနိုင်ငံသည် ILO အဖွဲ့ဝင် နိုင်ငံတခုဖြစ်တာကြောင့်မို့  ဒီအချက်ပေါ်မှာ ပြည့်ပြည့် တင်းတင်း ပေးရမယ်ဆိုတာ ILO ရဲ့ အခြေခံဥပေဒက ပြဌာန်းထားတာဖြစ်တယ်။ ဒါကြောင့်မို့လို ကျနော်တို့ ဥပ ဒေသစ် ရေးဆွဲတုန်းဘဲ ဒါတွေကို ဥပဒေပေါ်လာမှ ခင်ဗျားတို့ လုပ်ကြပါဆိုတာ ဒါတွေက လှည့်ဖြားနေပါတယ်။

ဒေါ်ခင်မျိုးသန့်။                 ။ ဒီလို လှည့်ဖြား မြန်မာအစိုးရသစ်ရဲ့ လုပ်ဆောင်မှုအတွက် ILo က စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းပေးဖို့လည်း FTUB က တောင်းဆိုလိုက်ပါတယ်။

ဦးသန်းလွင်။                    ။ ILO အဖွဲ့အနေနဲ့ အရေးကြီးဆုံး အချက်ကတော့ မြန်မာနိုင်ငံမှာ အသင်းပင်းများ ဖွဲ့စည်းခွင့်ဆိုင်ရာနဲ့ပတ်သက်ပြီး အဆက်ဆက်သော အာဏာရှင်အစိုးရတွေ ချိုးဖောက်နေတယ်။ ဒါကြောင့်မို့လို့ ဒီကော်မရှင် အဖွဲ့ ဖွဲ့ပြီးတော့ အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ လိုအပ်ပြီးဆိုတာကို ကျနော်တို့  ပြောချင်ပါတယ်။ commission of Inquiry ပေါ့လေ။ အဲဒါကို ဖွဲ့ပြီးတဲ့အခါကျတော့  မြန်မာနိုင်ငံမှာ ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာကို စုံစမ်းစစ်ဆေးဖို့ လိုတယ်။ အဲဒီဟာ အရေးကြီးဆုံးပါဘဲ။ သို့မှသာလျှင် တိုင်းပြည်ရဲ့ ချိုးဖောက်မှု တွေဆက် တိုက် ကြုံတွေ့တဲ့အခါမှာ ILO အနေနဲ့ နောက်တဆင့်တက်ပြီး အရေးယူနိုင်မှာဖြစ်တယ်။

ဒေါ်ခင်မျိုးသန့်။                 ။ ILO အဖွဲ့ အစည်းဝေးကြီးဟာ ဇွန်လ ၁၇ ရက် သောကြာနေ့မှာ ပြီးဆုံးမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့က  ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ ဆုံးဖြတ်ချက်မူကြမ်းမှာတော့ မြန်မာအစိုးရသစ်အဖွဲ့ကို လာမဲ့ နိုဝင်ဘာလထိ လက်တွေ့ လုပ်ဆောင်ပြဖို့ အချိန်ပေးခဲ့ ပါတယ်။ အလုပ်သမားဝန်ကြီး မိန့်ခွန်းမပြောမှီ တရက်က မြန်မာဒီကိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံမှာ လူမှုရေး တရားမျှတမှုတွေ ကျယ်ကျယ် ပြန့် ပြန့် ရှိလာစေဖို့အတွက် ILOက အခုထက် ပါဝင်လှုပ်ရှားပေးဖို့ တောင်းဆိုခဲ့ပါတယ်။




No comments:

Post a Comment