Friday, June 17, 2011

ကွေ့။ အဲဒီကွေ့ (အပိုင်း ၃)


ဒါနဲ့ ဒီပွဲကို ဗွီဒီယိုကင်မရာနဲ့ မှတ်တမ်းတင်နေသူက အထူးဖိတ်ကြားထားတဲ့ ဗိုလ်မှုးကြီးစောဂျိုးစွာ၊ ဇာတ်လမ်းကို ပါဝင် ခံစားရင်း ကရင့်နှစ်သစ်ကူးမှာ ဒါမျိုးတခုခုလုပ်ဘို့ဖိတ်ပါလေရော၊ ဇာနည်သွေး တို့လည်း လူစုပြီးသွားဖြစ်တယ်။ အဲ မိန်ခလေး တွေတော့ ရက်ရှည်ခရီးကြမ်းဖြစ်လို့ မခေါ်သွားတော့ဘဲ နယ်က မိန်းခလေးတွေနဲ့ လက်တွဲဆောင်ရွက်ရင်း စည်းရုံးရေး ခရီးစခဲ့ပါတော့တယ်။

အဲဒီနှစ် ကရင့်နှစ်သစ်ကူးက ဇန်န၀ါရီလ ၁၄ ရက်နေ့။ အခမ်းအနားအားလုံးပြီးတော့ ရောက်လာတဲ့ ကေအဲန်ယူခေါင်းဆောင် တွေကို စင်္ကာပူမှာ လေ့လာဆည်းပူးခဲ့တဲ့ သဘောတရားတွေ သိရှိနားလည်းခဲ့တဲ့ နည်းစံနစ်ပိုင်းတွေကို ဖေါက်သည်ချ ဆွေးနွေးဖြစ်ပါတယ်။ ဒီအပေါ်မှာ ဒေသခံခေါင်းဆောင် အကိုကြီးတွေက ဒီသဘောတရားနဲ့ နည်းစံနစ်တွေကို ခေါင်းဆောင် ငယ်တွေကို ရက်ရှည်သင်တန်းပေးပြီး သင်ပေးပါဆိုလို့ သင်တန်းတွေစဖွင့်ရင်း လူထုလက်တွေ့တည်ဆောက်ရေး လုပ်ငန်းတွေ အရှိန် အဟုန်နဲ့ စတင်နိုင်ခဲ့ပါတယ်။

ပွဲတပွဲပြီးတိုင်း အသစ်အသစ်ပြန်ဖတ် ပြန်လေ့လာရပါတယ်။ လူထုဟောပြောပွဲနဲ့ သင်တန်းကမတူပါ။ လူထုဟောပြောပွဲက ကိုယ်ရထားတဲ့ မိနစ်ပိုင်းအချိန်လေးမှာ ထောင်နဲ့ချီနားထောင်နေတဲ့လူတွေကို တခါတည်း ပါသွားအောင်ပြောရတာ။ စိတ်ဝင်စားသူရှိမယ် မ၀င်စားသူရှိမယ် လူများတော့ တ၀ုန်းဝုန်းတရုန်းရုန်း ပြိုအောင်ဖြိုဘို့မလွယ်ဘူး။ အဲဒီအချိန်မှာ အကြောင်းအရာတခုခုနဲ့ အားစိုက်ပြီး အရှိန်တင်၊ အားလုံးရုတ်ရက်ငြိမ်သွားမှ ကိုယ်ပြောချင်တာ စီးစီးပိုင်ပိုင်ပြော၊ ပါသွားပြီ။ သေချာတယ် ၅၀ ရာနှုန်းတော့ပါတယ်။ အဲကိုယ်ပြောလိုက်လို့ပါသွားတာ သူတို့နဲ့ ကိုက်ညီဘို့ကတော့ အရေးကြီးတယ်။ ဟောပြောပွဲမှာ အမှန်တော့ ၁၅ မိနစ်ဆိုတာ လွန်လှပြီ။

ဒီစကားပြောတဲ့ ဇာနည်သွေးတော့ လွန်သွားတာ တပွဲရှိဘူးတယ်။ ၂၀၀၃ ခုနှစ် လယ်ယာမြေ အက်ဥပဒေ တိုက်ဖျက်ရေး လှုံဆော်လှုပ်ရှားမှု။ မှတ်မှတ်ရရ ဧပြီလ ၂ ရက် ၂၀၀၃ မှာ။ ဒေသတခွင်လုံးမှာရှိတဲ့ ရဟန်ုးသံဃာတွေ၊ လယ်သမား ဦးကြီးတွေ၊ ကျောင်းဆရာဆရာမတွေ လူငယ်တွေအားလုံး အယောက် ၇၀၀ လောက်ဖိတ်ပြီး ရှင်းလင်းတင်ပြမှု အရင်လုပ်တယ်။ ဒေသခံလူကြီးတွေ အရင်ပြောတယ်။ ဇာနည်သွေး အလှည့်ရောက်တော့ ည ၇း၃၀ တိတိ။ ဒါနဲ့ သမိုင်း ကြောင်းလေးနည်းနည်းချီပြီး ခေတ်ကနေ စံနစ်၊ ကမ္ဘာနဲ့ မြန်မာ ၊ အာဆီယံကနေ ကုသမဂ္ဂ စုံသွားတယ်။ ဟာသ အရွှန်းဖေါက် တော့ တ၀ါးဝါး တဟားဟား၊ ရင်နင့်စရာ ၀မ်းနည်းစရာပြောတော့ မျက်ရည်လေးပုတ်ခတ်ပုတ်ခတ်၊ တချို့အမျိုးသမီးတွေ မအောင့်နိုင်လို့ ငိုတာကို အနားကလူကကြည့်မိတော့ ရှက်ရယ် ရယ်ရင်း အရှိန်တက်နေလိုက်တာ ဆရာတော် သံဃာတော် တွေပါ တက်တက်ကြွကြွနဲ့။ ပြောရင်း ဇာနည်သွေးနည်းနည်းညောင်းတယ်လို့ ကိုယ်ကိုကိုယ်ထင်လို့ နာရီပြန်ကြည့်တော့ မြတ်စွာဘုရား မနက် ၂ နာရီ ခွဲနေပြီ။ ဒါနဲ့ ကမန်းကတမ်း ဆရာတော်ကြီးတွေနဲ့ လူကြီးတွေ ပင်ပမ်းမှာစိုးလို့ တိုက်ပွဲစဉ် အစဉ်လိုက်ပြောချပြီး နိဂုံးချုပ်တော့ ဘယ်သူမှ လက်ခုပ်မတီးတော့ဘူး။ ငြိမ်နေတယ်။ တခါမှဒါမျိုးမဖြစ်ဖူးဘူး။ အမြဲတမ်း လက်ခုပ်သံက ကျယ်ကျယ်လောင်လောင် တဖျောင်းဖျောင်းနဲ့။ အိမ်ပြန်ချင်လို့ တီးသူလည်းရှိ။ မြန်မြန်ပြီးလို့ တီးသူ လည်းရှိ။ အမျိုးမျိုးသောလက်ခုပ်သံညှိထားသလို တိတ်ပြီး ပြန်ကြည့်နေကြတယ်။ ဒါနဲ့ အခမ်းအနားမှုး က ထပ်ကြေညာတယ် အခမ်းအနားပြီးဆုံးကြောင်း။ ဒါလည်းမတီးဘူး။ ဒါနဲ့ ဇာနည်သွေး ထပြီး ပြန်မေတ္တာရပ်ခံလိုက်တယ် နားကြစို့ပေါ့ မနက်ကျရင်လည်း လက်မှတ်ထိုးပွဲအစီအစဉ်ကရှိသေးတယ်။ ဒီတော့မှ လူကြီးတယောက်ကထပြီး မောင်ဇာနည်ရေ မထူးတော့ဘူး ပြောမည့်ပြောလည်း မိုးလင်းအောင် ပြောကွာ အခုအချိန်ကျမှ ပြန်လည်းဘာထူးလည်း အိပ်မရတဲ့အတူတူ မင်းပြောတာဘဲ နားထောင်တော့ မယ်တဲ့ ။ မှတ်ကရောဗျာ။

သင်တန်းဆိုရင်တော့ ကိုယ်ဝင်မည့် အချိန်ကိုကြည့်။ ဘယ်နှယ်ချိန်ရှိမလဲ။ ချိန်ထိုးပြီး တစိမ့်စိမ့်မျှင်းပြော။ အရှင်းဆုံး ဥပမာ ပေးရရင် ဟောပြောပွဲက ကောက်ရိုးမီးမွှေးသလို ၀ုန်းကနဲထဘို့၊ကိုယ်ပြောတဲ့ စကားလုံး တွေက အညှာကိုထိပြီး ချက်ချင်း အရှိန်နဲ့စဘို့၊ သင်တန်းဆိုတာ ကိုယ်သင်ပေးတာ တတ်သွားဘို့ဆိုတော့ ဖွဲမီးလို တစိမ့်စိမ့် တငွေ့ငွေ့နဲ့ လှိုက်ပြီးလောင်ဘို့။ ဖြစ်နိုင်ရင် ဆင့်ပွားသွားဘို့။ အခုပေးတဲ့ ဥပမာ အလုံးစုံခြုံငုံချင်မှခြုံငုံမယ်။ တရားသေတော့မဟုတ်ပါ။

ဒါကပြာတဲ့ နည်းစံနစ်ပိုင်း။ သဘောတရာပိုင်းကတော့ အမြဲအသစ်ဖြစ်နေမှကောင်းမယ်။ မဟုတ်ရင် နားထောင်သူအတွက် ထပ်သွားရင် ကြာရင်ငြီးငွေ့တတ်တယ်။ ဒါကြောင့်ရသမျှဖတ်၊ လေ့လာ၊ အချက် အလက်စုဆောင်း။ ရောက်နေတဲ့ နေရာမှာလုပ်၊ နိုင်ငံတကာရောက်ရင် ရောက်တဲ့နေရာက အထူးအဆန်း မှတ်သားသင့်တာလေးတွေ စုမှတ်သယ်သွား၊ ပြန်ဆင့်ပွားလိုက်၊ ဒီလိုလုပ်လာခဲ့တာ ၁၀ နှစ်တာခရီး ရောက်ခဲ့မှ ဒီကနေ့ အိုင်အယ်အိုဆိုတဲ့ စင်မြင့်မှာ ဘုံရန်သူ စစ်အာဏာရှင် ကိုယ်စားလှယ်ကို စီးချင်း ထိုးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံအရေးကို နိုင်ငံတကာက ၀င်ရောက်ပြောဆိုနိုင်တဲ့အပိုင်းတချို့ရှိတယ်။ အဲဒီအထဲမှာ အိုင်အယ်အို ပြဌာန်းချက်တွေ ပါတယ်။ ဒီအပိုင်းမှာလည်း အဖွဲ့ဝင်နိုင်ငံက ပြဌာန်းချက်ကို သဘောတူ လက်မှတ်ရေးထိုးဘို့လိုတယ်။ ပြီးရင် အဲဒီနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းပြီး အစိုးရအနေနဲ့ ဖိဖိစီးစီး လိုက်နာဆောင်ရွက်ရတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၅၅ ခုနှစ်မှာ လက်မှတ်ရေးထိုးထားတဲ့ ပြဌာန်းချက်အမှတ် ၂၉ အဓမ္မ အလုပ်ခိုင်းစေချင်းမပြုတဲ့ ပြဌာန်းချက်၊ အမှတ် ၈၇ လွတ်လပ်သည့် အသင်းအဖွဲ့များဖွဲ့စည်းခွင့်နှင့် စည်းရုံးလှုပ်ရှားခွင့်၊ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေ အဲဒါတွေကို အစဉ်တစိုက် ချိုးဖေါက် လာတာ အခုအထိ။

အိုင်အယ်အိုမှာ တခုကောင်းသွားတာက ၁၉၉၈ မှာ
(၁) အမှတ် ၂၉ အဓမ္မအလုပ်ခိုင်းစေမှုမပြုလုပ်ခြင်း ဆိုင်ရာ ပြဌာန်းချက်၊
(၂) အမှတ် ၈၇ လွတ်လပ်သည့် အသင်းအဖွဲ့များစုဝေးဖွဲ့စည်းခွင့်ဆိုင်ရာ ပြဌာန်းချက်၊
(၃) ပြဌာန်းချက်အမှတ် ၁၁၁ ဘာသာ လူမျိုး အရောင်အသွေး လိင်ကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံမှု မပြုခြင်း ဆိုင်ရာပြဌာန်းချက်၊
(၄) အမှတ် ၁၃၈ အလုပ်သမားအသက်အရွယ် သတ်မှတ်ချက်။ ခလေး အလုပ်သမား မရှိစေခြင်း ဆိုင်ရာ ပြဌာန်းချက်တွေကို အဖွဲ့ဝင်နိုင်ငံတိုင်း မဖြစ်မနေ လိုက်နာရမယ်ဆိုတဲ့ Fundamental Principles အဖြစ်ရှိသွားတော့ တကမ္ဘာလုံးက အလုပ်သမား သမဂ္ဂတွေနဲ့ စစ်အာဏာရှင် တွေ့ပါလေရောဗျို့။

ဒီ၂၀၁၁ အကြိမ် ၁၀၀ မြောက်ညီလာခံမှာ ဆုံးဖြတ်တာကတော့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ နဲ့ ၂၀၁၁ မတ်လ အိုင်အယ်အို အုပ်ချုပ်ရေးအဖွဲ့မှ ချမှတ်ပြဌန်းထားတဲ့ အစိုးရမှ မဖြစ်မနေလိုက်နာရမည့် အချက်တွေ၊ အဓိကအားဖြင့် အဓမ္မ အလုပ်ခိုင်းစေမှု တွေရပ်တန်းဘို့ အမိန့်တွေ အဆင့်ဆင့်ထုတ်ပြန်ဘို့၊ ဥပဒေမှာ ပြဌာန်းဘို့နဲ့ ပြည်သူတရပ်လုံး အကျယ်တ၀င့် သိရှိအောင် ပြုလုပ်ဘို့။ ပူပေါင်းဆောင်ရွက်တဲ့ နေရာမှာ ငွေကြေးထုတ်ပေးဘို့ ဆိုတာတွေကို ပြဌာန်းချက်အမှတ် ၂၉ အရ ပြုလုပ်ပေးရမှာဖြစ်ပြီး၊ အမှတ် ၈၇ အတွက် အလုပ်သမားရေးလှုပ်ရှားသူတွေ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဘို့၊ အလုပ်သမားဥပဒေ ပြဌာန်းဘို့နဲ့ ဥပဒေပြင်ဆင်ရာတွင် အိုင်အယ်အိုအုပ်ချုပ်ရေးရုံးနဲ့ တိုင်ပင်ဘို့ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းထူထောင်ခွင့်ပြုဘို့နဲ့ စုဝေးစည်းရုံးခွင့်ပြုဘို့ စုဝေးစည်းရုံး ရာမှာ အကာအကွယ်ပေးဘို့၊ ကလေးငယ်တွေကို စစ်တပ်တွင်းအတင်း သွတ်သွင်းနေတာကို လုံးဝ ရပ်ဆိုင်းဘို့ ဆိုတာတွေလိုက်နာဆောင်ရွက်နေပါကြောင်း လာမည့် နိုဝင်ဘာလ မှာ ကျင်းပမည့် အိုင်အယ်အိုအုပ်ချုပ်ရေးအဖွဲ့ကို အထောက်အထားတဲ့တင်ပြရမှာဖြစ်ပါတယ်။

အထက်မှာတင်ပြထားတဲ့အလုပ်ရှင်တွေ အခြားနိုင်ငံအစိုးရတွေ (တရုတ်၊ ရုရှ၊ အိန္ဒိယ၊ ကျုးဘား အစိုးရတွေကလွဲလို့) အားလုံးက ၀ိုင်းဝန်းအပြစ်တင်ရှုံ့ချကြတယ်။ အလုပ်ရှင်တွေက စစ်အစိုးရဆက်လက် ကျူးလွန်ဖေါက်ဖျက်နေရင် စီးပွားရေး ပိတ်ဆို့မှုရှိသမျှသွားပြီး ရင်းနှီးမြှုပ်နှံလို့မရတော့ဘူး။ ဒါပေမဲ့ အဓိက အကျဆုံးအချက်က ပြောင်ပြာင်တင်းတင်း လိမ်ညာနေတာကို မုန်းတီးကြတာ။ လက်နက်နဲ့ အနိုင်ကျင့်ဖိနှိပ်စော်ကားနေတာကြောင့် ခေတ်အဆက်ဆက်နောက်ကျ ကျန်ပြီး ဘ၀လုံခြုံမှုအတွက် အကာ အကွယ်မဲ့ နေတာကိုကြည့်ပြီး မခံမရပ်နိုင်ဖြစ်နေကြတာ။

ဒီနေ့ကမ္ဘာ့နိုင်ငံအတော်များများ ဖွံ့ဖြိုးတိုးတက်လာတာ သုံးပွင့်ဆိုင် စားပွဲဝိုင်းဆွေးနွေးပွဲတွေ ရှိလာလို့ ဆိုသာ ထင်ရှားပါတယ်။ မိုဇမ်ဘစ်တို့ ယူဂန္ဓာတို့တောင်တိုးတက်ဖွံ့ဖြိးလာခဲ့တာ ငြိမ်းချမ်းမှုရဲ့ အသီးအပွင့် တွေဖြစ်ပါတယ်။ အဲဒီငြိမ်ချမ်းမှုဆိုတာ နိုင်ငံမှာရှိတဲ့ အများစုဖြစ်တဲ့ အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်တွေ၊ နိုင်ငံစီးပွားရေးကို ဦးဆောင်လည်ပါတ်နေတဲ့  ကမ္ဘာ့နိုင်ငံတွေနဲ့ စီးပွားကုန်သွယ်နေတဲ့ အလုပ်ရှင်အစုအဖွဲ့ ကိုယ်စားလှယ်တွေ နဲ့ ဒီမိုကရေစီ နည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကိုယ်စားလှယ်တွေ နိုင်ငံတွင်းအခြေအနေတွေကို ၃ ပွင့်ဆိုင် ဆွေးနွေးပွဲတွေ ရှိမယ် ဆိုရင် ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ တိုးတက်ဖွံ့ဖြိုးမှုရဲ့အသီးအပွင့်ကို စားသုံးရမှာပါ။ 

ဒီကနေ့မှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ဦး ၃ ဖလှယ်သော ကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ ကိုယ့်လူမျိုးအချင်းချင်းချရတာ ရှက်စရာလို့ခံစားမိပါတယ်။ ခက်တာက ကမ္ဘာကြီးဘာဖြစ်ဖြစ် ကိုယ်နိုင်ငံထဲက ကိုယ်လူမျိုးကို နိုင်ရရင်ပြီးရော အားလုံးကို မရှက်တမ်း လိမ်နေတာ နှစ်ပေါင်းက ၁၀ စုနှစ်ရှည်ခဲ့တာကို မျက်မြင်ကိုယ်တွေ့ တွေ့ရတော့ ရှက်တဲ့စိတ်ကနေ နာကျည်းတဲ့စိတ်ပါ ဖြစ်လာမိတယ်။

သေချာတာကတော့ ဒီလိုလိမ်နေလို့ မပြီးပါဘူး။ ကွေ့တကွေ့တော့ရှိကိုရှိရမယ်။ ကွေ့ဆိုတာအလို အလျှောက်မရောက်သွားပါ။ အဲဒီကွေ့ကို အရောက် ၀ိုင်းကြ၀န်းကြဘို့လိုပါပြီ။ ဘယ်လောက်ကြာမလဲ ဆိုရင် ၀ိုင်းကြ၀န်းကြတဲ့အား အချိန်အဆ အရှိန်အဟုန်ပေါ်မှာ အတိအကျ မူတည်နေပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်ဗျား။

ဇာနည်သွေး

No comments:

Post a Comment