Thursday, June 16, 2011

ကွေ့။ အဲဒီကွေ့ (အပိုင်း ၂)


အမှန်တော့ အလုပ်သမားလှုပ်ရှားမှုဆိုတာ (ငယ်ငယ်တုံးက တွေ့ဘူးသလို ) စက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြကြတာ လောက်ပဲသိတာ။ ရုတ်တရက် အင်တာဗျူးလုပ်ရမယ်ဆိုတော့ ဘာပြောရမှန်းမသိဘူး။ စာအုပ်စင်ပေါ်က စာအုပ်တအုပ် ဖတ်ကြည့်တော့ လူစုဝေးခွင့်မပြုတဲ့ အာဏာရှင်အစိုးရကို တုန့်ပြန်ဘို့  အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ကြီးတခုက အလုပ်သမား တွေကို လူလုံးဝမစုခိုင်းတာ။ မစုခိုင်းတာမှ အိမ်ထဲကအိမ်ပြင်ကို မထွက်ခိုင်းတာ။ မီးရထားဝန်ထမ်း၊ စာတိုက်ကြေးနန်း၊ လျှပ်စစ်၊ တယ်လီဖုံး၊ ကျောင်း၊ ဘဏ်၊ ယုတ်စွအဆုံး အမှိုက်သိမ်းတဲ့သူတောင် အိမ်ထဲကအိမ်ပြင်မထွက်တာ ၇ ရက်ကြာတော့ ယန္တရားမလည်ပါတ်တော့တဲ့ အစိုးရ အလျှော့ပေးရတယ်။ ပထမတော့ အလုပ်မဆင်းရင်ဖြုတ်မယ် ဦးဆောင်သူတွေကို ထောင်ချမယ်ပေါ့ဗျာ။ ဒါပေမဲ့ လူသောင်းနဲ့ချီတဲ့ အလုပ်သမားတွေ အလုပ် မဆင်းတော့ ဖမ်းလို့မရတဲ့အပြင် အလျှော့ပေး လာတာကို ဖတ်မိပြီးသဘောကျသွားလို့ ဒီအချက်တွေနဲ့ အင်တာဗျူးမယ်ပေါ့ဗျာ။ ခက်တာက ဘီဘီစီက ဦးကျော်ဇံသာနဲ့ လုပ်ပြီးပြီ။ ဦးကျော်ဇံသာတောင် စိတ်ဆိုးသွားသေးတယ်။ ခဏခဏပြန်ပြင်နေလို့၊ ဒါနဲ့ ဗွီအိုအေနဲ့ လုပ်မယ်ဆိုတော့ သတင်းထောက်က မောင်မောင်ကျော်။ ရန်ကဟန် The Mall ကုန်တိုက်ကို ချိန်းလို့သွားစောင့်တာ စောင့်တာပဲ အဖတ်တင်ပြီး ပြန်လာခဲ့ရပါတယ်။

 ရလိုက်တဲ့အမြတ်က သမဂ္ဂသဘောတရား။ တန်ဘိုးရှိတယ်။ထောင်နဲ့သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ ကို ရှင်းရှင်းပြောရင် ကိုယ့်ထမင်းကိုယ်စားနေတဲ့ ကိုယ်ဘ၀နဲ့ကိုယ် ပုံမှန်လည်ပါတ်နေတဲ့သူတွေကို တစုတစည်းထဲရှိဘို့ လုပ်နိုင်တာ သမဂ္ဂ။ ဟုတ်ပြီဒါဆိုရင် ဒီလမ်းကို အားစိုက်လုပ်မယ်။ ဖတ်မယ် သိသမျှလက်တွေ့လုပ်ကြည့်မယ်။ အဲဒီကာလအထိ နိုင်ငံတကာ အလုပ်သမားသွေးစည်းညီညွတ်မှုတို့ ICFTU တို့ ITSs တို့ကိုနားမလည်သေးပါ။ တဖြည်းဖြည်း တနှစ်တာကာလ ရောက်တော့ ပထမဆုံး နိုင်ငံတကာအတွေ့အကြုံဖြစ်တဲ့ နီပေါနိုင်ငံ ခေတ္တမန်နူမြို့မှာကျင်းပတဲ့ Democracy for Burma  ညီလာခံ ကို အဲဒီတုန်းက ICFTU , ICFTU - APRO, ITSs အခုဆိုရင်တော့ ITUC, ITUC - AP, GUF စတဲ့ သမဂ္ဂများအဖွဲ့ချုပ်တွေက ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေးတွေ ဖြစ်ထွန်းဘို့ စုပေါင်းဆွေးနွေးကြ တိုင်ပင်ကြနဲ့ အားရစရာကြီး၊ ကုန်ကုန်ပြောရရင် အလုပ်သမားသမဂ္ဂ အသိုင်းအ၀န်းကို အရမ်းအားကျမိသွားခဲ့ပါတယ်။

၂၀၀၁ ခုနှစ် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နောက်တကြိမ် Democracy for Burma ညီလာခံကို ခေါ်ယူပြီး အလုပ်သမားသမဂ္ဂ တွေက အိုင်အယ်အိုမှာ မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေးယူရေးနဲ့ပါတ်သတ်ပြီး စုပေါင်းဆွေးနွေးကြတယ်။ အဲဒီနေရာမှာ တခုထပ်တွေ့ရတာက ဒီမိုကရေစီနိုင်ငံက အလုပ်သမားသမဂ္ဂ တွေဟာ အစိုးရအပေါ်မှာ သြဇာရှိတာကိုသွားတွေ့ရတယ်။ ပထမတော့ တိုကျိုညီလာခံကို လာတက်တဲ့ အလုပ်သမားသမဂ္ဂတွေက သူတို့အစိုးရကို ဒီလိုပြောမယ်၊ ဟိုလိုဖိအားပေး ခိုင်းမယ် အစရှိသဖြင့်ပေါ့ဗျာ။ ဇာနည်သွေး အဲဒီနေရာမှာ မယုံသေးဘူး။ ဂျပန်အလုပ်သမားသမဂ္ဂဆိုရင် သူတို့အစိုးရကနေ မြန်မာအစိုးရကို ပေးနေတဲ့ ODA ရပ်ခိုင်းမယ်တဲ့ဗျာ။ အဆုံးသတ်နေ့ ဆုံးဖြတ်ချက် ၁၀ ချက်လည်းရပြီ။ ညနေပိုင် သတင်းစာရှင်းလင်းပွဲလုပ်တော့မှ ဇာနည်သွေးကောင်းကောင်းကြီးသိရတယ်။

အဲဒီတုန်းက ICFTU အထွေထွေအတွင်းရေးမှူးက Bill Jordan, အခု Lord Bill Jordan ၊ သူပြောသွားတာ အခုထိ နားထဲကမထွက်ဘူး။ နိုင်ငံတနိုင်ငံမှာ အလုပ်လုပ်ဘို့တရားဝင်ခွင့်ပြုထားတဲ့ အငယ်ဆုံးအသက်က ၁၈ နှစ်၊ နိုင်ငံတနိုင်ငံမှာ မဲပေးနိုင်တဲ့ အငယ်ဆုံးအသက်က ၁၈ နှစ်၊ နိုင်ငံ တနိုင်ငံမှာ အလုပ်ရှင်အင်အားစုကများသလား၊ အလုပ်သမားအင်အားစုက များသလား။ အဲဒီများပြား လှတဲ့ အင်အားစုကို ဦးဆောင်နေတာ အလုပ်သမားသမဂ္ဂတဲ့ဗျား။ ဒါကြောင့်ဒီမိုကရေစီရဲ့ တန်ဘိုးနဲ့ အခြေခံသဘောတရာကို ထိမ်းသိမ်းနိုင်တာ အလုပ်သမားသမဂ္ဂ၊ အခုတော့ Sanction ဆိုတဲ့ ရထားဟာ မြန်မာစစ်အာဏာရှင် တွေကို ဖြတ်မောင်းနေပြီ။ အဲဒီရထားဆိုက်မည့်ဘူတာက ဒီမိုကရေစီ။ ခရီးသည်တွေကတော့ အဖိနှိပ်ခံ (သူတို့အခေါ်အဝေါ်နဲ့) Unprotect people တဲ့။ ဒါ့ကြောင့်နိုင်ငံတိုင်းက အစိုးရတွေကို အလုပ်သမားသမဂ္ဂတွေက ဖိအားပေးကြပါ။ နားမထောင်တဲ့ အစိုးရ နောက်တပါတ် မလည်ဘူး။ နားထောင်ရင် အလားအလာကောင်းမယ် လို့ပြောသွားခဲ့ပါတယ်။ နှစ်စဉ်နိုဝင်ဘာမှာ ကျင်းပတဲ့ အိုင်အယ်အို အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေး ၂၀၀၀ နိုဝင်ဘာမှာ Sanction ဆိုတာ ကျပြီးသား။ အဲဒီတိုကျို ညီလာခံက ၂၀၀၁ ဇန်န၀ါရီလ ၃၁ နဲ့ ဖေဖေါ်ဝါရီလ ၁ ၇က် ။

အဲဒီမှာ ဇာနည်သွေး သဘောပေါက်သွားတယ်။

ဒါနဲ့ ၂၀၀၁ ခုနှစ်မှာပဲ ICFTU - APRO စင်္ကာပူ 10th Advanced Leadership Course  ကို သွားတက်ခွင့် ရခဲ့ပါတယ်။ သင်တန်းမှာ Presentation Skill, Negotiation Skill, IAP, Teamwork ( Outdoor, Indoor )၊ အစီရင်ခံမှု နည်းစံနစ်ပိုင်း။ ကော်မတီအလိုက် တာဝန်ခွဲဝေမှုတွေ ကိုယ်တိုင်လုပ်ရတဲ့ Core Skill နဲ့ The Challenges of Globalization and Core Labour Standard ဆိုတဲ့ သဘောတရား။ အမြည်းသဘောပြောရရင် ၁၉၁၀ ခုနှစ်ကနေ၁၉၃၈ အထိ တပိုင်း၊ ၁၉၃၈ ကနေ ၁၉၄၅ အထိ တပိုင်း၊ ၁၉၄၅ ကနေ ၁၉၉၂ အထိ တပိုင်းခွဲပြီး ခေတ်အလိုက် ပြောင်းလာတဲ့ စံနစ်တွေနဲ့ စံနစ်အခြေပြု ပြောင်းလည်းတဲ့ ခေတ်ကို ချိန်ထိုးပြတာ။ အခြေခံသဘောတရား အဖြစ် ၊ ( Political Right ) PR, ( Civil Liberties ) CL နဲ့  (Public Interest )PI တို့ကို ပေတံသဘောနဲ့ ခေတ်ကိုချိန်တာ။  အားသာတာနဲ့ အားနည်းတာ ၊

အခြေအနေအပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်နိုင်တဲ့ အပိုင်းက အဓိကကျတဲ့ အလုပ်သမားအခွင့် အရေးတွေ။ ပြောချင် တာက ခေတ်အပြောင်းမှာ ကောင်းမွေရသူနဲ့ ဆိုးမွေခံစားရသူတွေအတွက် တန်းတူညှိနိုင်တာက အခြေခံအလုပ်သမား အခွင့်အရေး၊ အားသာသူတဦး (သို့) တစုအတွက် အားနည်းသူ အခြေခံပြည်သူတွေ အချင်းချင်း စုစည်းစုဖွဲ့ စုပေါင်းတောင်းဆို နိုင်ဘို့ အခွင့်အရေးတွေ ပြဌာန်းထားတာတွေသိခွင့်၊ လေ့လာခွင့်ရရှိခဲ့ပါတယ်။

အဲဒီကနေပြန်လာပြီး ဇာနည်သွေး နယ်ခရီးစထွက်ပါတယ်။ တော်လှန်ရေးခရီးကြမ်းကိုစတဲ့ အချိန်မှာ လုပ်တဲ့ စည်းရုံးရေးနဲ့ တည်ဆောက်ရေးကို ပြန်လုပ်ပါတယ်။ အဲဒီတခါတော့ သဘောတရား လက်နက်၊ နည်းစံနစ် ကျည်ဆံထည့်ပြီး တည်ဆောက် ရတာ အားရလိုက်တာဗျာ။ 

နယ်ခရီးထွက်ဖို့အစစအရာရာ ကူညီခဲ့တဲ့ ဗိုလ်မှုးကြီး စောဂျိုးစွာ နဲ့ ဗိုလ်ကြီးစောထဲနေတို့ကို ကျေးဇူး မမေ့ခဲ့ပါ။ ဇာတ်လမ်းစတာက ဒီလိုဗျ။

၂၀၀၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု ရရှိခဲ့တဲ့ ၁၀ နှစ် ပြည့် အခမ်းအနားကို စံခလဘူရီမြို့မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေအားလုံး စုပေါင်းပြီး အခမ်းအနားတခု ကျင်းပကြတယ်။ အဲဒီမှာ သူငယ်ချင်းတွေက ဖျော်ဖြေရေးအတွက် တခုခုလုပ်ဘို့ပြောတော့ ဟိုစပ်စပ် ဒီစပ်စပ် ၀ါသနာပါတဲ့ဇာနည်သွေးက တခန်းရပ်ပြဇာတ်တပုဒ်လောက် တင်မယ်လို့စိတ်ကူးပြီး လူရှာတော့ ရပါတယ်ဗျား။ ပါဝင်သရုပ်ဆောင်မည့်သူတွေအားလုံးက တော်လှန်ရေး အဖွဲ့အစည်း အသီးသီးက လူငယ်တွေ။ ဒါနဲ့ လူစုပြီးဇာတ်တိုက်ကြ တရုန်းရုန်းနဲ့ပေါ့။ ပညာသည်မဟုတ်တဲ့ တင်ဆက်သူနဲ့ ၀ါရင့်သဘာရင့် မဟုတ်တဲ့ သရုပ်ဆောင်တွေ တကယ်တမ်း စင်ပေါ်မှာ သရုပ်ဆောင်တော့ ရီစရာရှိလည်းရီ၊ ငိုရမည့် အခန်းကျတော့ တကယ် ငိုကုန်တာ။

ဇာတ်လမ်းလေးက ပထမပိုင်းမှာ မြန်မာနိုင်ငံတိုင်းရင်းသားအားလုံးရဲ့ ပကတိဘ၀အခြေအနေ။  လယ်သမားဆိုလည်း စပါးပေါ် ရင် ခလေးရှင်ပြုမည့်သူနဲ့၊ အလုပ်သမားလင်မယားတွေလည်း သီတင်းကျွှတ်ရင် မိဘ သွားကတော့ရင်း အပျော်အပါးလေးတွေ ရည်မှန်းသူနဲ့၊ ကျောင်းသားကျောင်းသူနဲ့ ဆရာမတွေလည်း ပျော်တပြုံးပြုံးရှိနေကြတဲ့ဇာတ်ကွက်ကို အရွှန်းအဖောက် ဟာသလေးတွေနဲ့ တင်ဆက်ထားတာ၊ ဒီနေရာမှာ လင်မယားအချော့အမြူ၊ အဖိုးကြီးအဖွားကြီးပုံစံ၊ ဆရာမအပျိုကြီးနဲ့ ကျောင်းသားလေး ခပ်ချိတ်ချိတ် ဆိုတော့ ခလေးတွေသရုပ်ဆောင်မှုပီပြင်လွန်းလို့ လာအားပေးတဲ့ လူကြီးမိဘအားလုံး သဘောကျလိုက်တာဗျာ။ အဆုံးပိုင်းမှာ ဇာတ်ရှိန်မြှင့်တော့ နအဖ စစ်တပ်ရဲ့ ပေါ်တာဆွဲတာခံရတဲ့ အဖိုးကြီးရဲ့သမီးက စစ်ကြောင်းမှုးမှာ သွားတောင်းပန်တာ မုဒိန်းကျင့်လွှတ်လိုက်လို့ ပြန်လာပြီး ဘုရား ကန်တော့ရင်း အဆိပ်သောက်သေတဲ့ အခန်းမှာ မင်းသမီးအဖြစ် သရုပ်ဆောင်တဲ့ ခလေးမ တကယ်ငိုပါလေရော။ အဲဒါနဲ့ ရှိုက်ရှင်း ပြောရင်းသရုပ်ဆောင်သွားတာ အားပေးတဲ့ ပရိတ်သတ်မှာ မျက်ရည်နဲ့ ဒေါသခွဲမရခဲ့ပါ။ ပြန်လာတဲ့ ကျောင်းသားလေးက သူ့အမအဖြစ်ကို တွေ့တော့ ဆရာမနဲ့ သူငယ်ချင်းတွေ ကို ပြန်ပြောပြရင်း ဆန္ဒပြတာ နအဖစစ်သားကပစ်ဘို့အလုပ် ရွာဦးကျောင်း ဆရာတော်က ၀င်ဖြောင့်ဖျ
တာ မိုက်မိုက်ရိုင်းရိုင်းပြောပြီး အားလုံးကို ပစ်သတ်တဲ့အခန်းမှာ ပရိတ်သတ် ပေါက်ကွဲပြီးဝိုင်းဆဲကြ အော်ကြဟစ်ကြနဲ့ ကမ္ဘာမကြေဘူး ဆိုတဲ့သီချင်းနဲ့ ဇာတ်သိမ်းတော့ လူကြီးလူငယ်အားလုံး သီးချင်းကို အားစိုက်ဝင်ဆိုခဲ့တဲ့ ပဲ့တင်သံတွေ ဒီနေ့အထိ မေ့မရခဲ့ပါ၊ ပါဝင်တင်ဆက်ကြတဲ့ လူငယ်အားလုံးကို အမည်မဖေါ်ပြခဲ့တာ မေ့နေလို့မဟုတ်ပါ။ မကြိုက်မှာစိုးလို့ မဖေါ်ပြထားတာ လုံးဝမမေ့ပါ။

No comments:

Post a Comment