Monday, June 13, 2011

ဦးဝင်းတင်နှင့် ဦးမောင်မောင် စကားပြောခြင်း


၂၀၁၁ ခုနှစ် ဇွန်လ ၁၃ ရက်
တနင်္လာနေ့ နံနက်ပိုင်းအစီအစဉ်
ဦးဝင်းတင်နှင့်စကားပြောခြင်း အစီအစဉ်
RFA
ဒီတပတ်အစီအစဉ်မှာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် အကြိမ် ၁၀၀ မြောက် ညီလာခံမှာ ဆွေးနွေးနေတဲ့ မြန်မာနိုင်ငံမှာ အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကိစ္စနဲ့ပတ်သက်ပြီးတော့ FTUB မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က RFA တယ်လီဖုန်းလိုင်းပေါ် ကတဆင့် ဆရာဦးဝင်းတင်နဲ့ တိုက်ရိုက်ပြောဆိုခဲ့တာကို ကိုသူရိန်ကျော်က တင်ဆက်မှာပါရှင်။

ဦးမောင်မောင်ရေ ဆရာဦးဝင်းတင်လည်းလိုင်းပေါ်မှာ ရှိနေပါပြီခင်ဗျာ။
ဒီတပတ်ဆွေးနွေးမယ့်ကိစ္စ စလို့ရပါပြီခင်ဗျာ။
ဦးမောင်မောင်။     ။ နေကောင်းပါလားခင်ဗျာ။
ဦးဝင်းတင်။          ။ နေကောင်းပါတယ်ခင်ဗျား။ နေကောင်းပါလားခင်ဗျား။
ဦးမောင်မောင်။     ။ ကျွန်တော်နေကောင်းပါတယ်ခင်ဗျား။အရင်တုန်းက နေမကောင်းဘူးကြားလို့ပါ။ ကျွန်တော်မေးချင်တာဒီလိုပါ။ အခု အကြိမ် ၁၀၀ မြောက် ILC ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ နှစ်လည် အစည်းအဝေးလုပ်တဲ့အခါမှာ ဒီနှစ်မှာ တော့ လွတ်လပ်တဲ့အသင်းအပင်းဖွဲ့စည်း မှုဆိုတဲ့ ILO ပဋီညာဉ် ပုဒ်မ ၈၇ ကို ကျွန်တော်တို့ ဆွေးနွေးကြတယ်။ အဲဒါ နဲ့ပတ်သက်ပြီးတော့ မီဒီယာမှာလည်း တင်ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ဆွေးနွေးပေးလို့ရမလား။

ဦးဝင်းတင်။          ။ ကျွန်တော်လည်း အဲဒါပဲ စိတ်ဝင်စားနေတယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဟာက ကျွန်တော်တို့ဆီကို ရောက်နေတဲ့ သတင်းအရ လွတ်လပ်သောအသင်းအပင်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ဆိုတာကို အဓိက အချက်လို့ ကျွန်တော်တို့နားလည်တယ်လေ။ ဆိုလိုတာကတော့ အလုပ်သမားအဖွဲ့အစည်းဖြစ်ဖြစ် လယ်သမားအဖွဲ့အစည်းဖြစ်ဖြစ်၊ ကျောင်းသားသမဂ္ဂဖြစ်ဖြစ်ပေါ့။ ကျွန်တော်ကတော့ ဒီဟာက အလွန်ကောင်းတယ် လို့ထင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မြန်မာပြည်မှာ ဒီမိုကရေစီခေတ်လို့ ပြောတဲ့ ခေတ်တုန်းကတောင်မှ အလုပ်သမားပါတီတွေ၊ လယ်သမားပါတီတွေဆိုတာ ပါတီအဖွဲ့အစည်းများရဲ့ လက်အောက်ခံ အနေနဲ့သာ ရှိခဲ့တယ်။ ကျွန်တော်တို့ကတော့ ကြိုက်တာကတော့ ဘာလည်းဆိုတော့ ဒီခေတ်မှာ ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်းကို ဖွဲ့စည်းတဲ့နေရာမှာ အလုပ်သမားတို့ လယ်သမားတို့ အရေးကြီးတဲ့ လူတန်းစားကြီးတွေက မိမိတို့ဘာသာ လွတ်လပ် စွာ အသင်းအပင်းများကို ဖွဲ့စည်းခွင့်ရှိသင့်တယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ ကျွန်တော်တို့ယူဆတာက အဲဒိ သဘောဟုတ်ရဲ့လား။

ဦးမောင်မောင်။     ။ ဟုတ်ပါတယ်ခင်ဗျ။ တခုတော့ရှိတယ်။ အိုင်အယ်လ်အိုဆိုတာကတော့ ဒီအလုပ်သမားကိစ္စကို ဦးတည်ပြီးလုပ်တဲ့အခါမှာ အလုပ်သမား၊ လယ်သမား ပြီးတော့ လုပ်ငန်းခွင်ထဲမှာ ရှိတဲ့ ၀န်ထမ်းတွေအားလုံးကတော့ သူတို့အနေနဲ့ကတော့ မိမိလိုအပ်ချက်အရ ၊ မိမိသဘောထားအရ ဖွဲ့စည်းမှုဆိုတာကို တင်ပြထားတာဖြစ်တယ်။ အဲဒါကို ဘာသာပြန်တဲ့နေရာမှာကတော့ ဥပမာဆိုရင် စပိန်နိုင်ငံမှာဆိုရင် သမဂ္ဂအတွက် သီးသန့်ပဲလို့ပြောတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံလိုမျိုးမှာကျတော့ Human Rights က Universal ဖြစ်သလို Freedom of Association ကလည်း Universal ဖြစ်တယ်ဆိုပြီး ဘာသာပြန်တာတွေရှိတယ်။ Interpretation ပေါ့။ ကျွန်တော်တို့ နိုင်ငံရေး ခေါင်းဆောင်တွေ ၊ ပါလီမန်တွေရဲ့ ဘယ်လိုဘာသာပြန် မလဲဆိုတာတော့ မူတည်ပါတယ်ခင်ဗျ။

ဦးဝင်းတင်။          ။ ဆိုလိုတာကတော့ ဘာပဲပြောပြော အနည်းဆုံးတော့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းများဟာ လွတ်လပ်တဲ့အသင်းအပင်းများဖြစ်မယ်။ ဒါက တစ်ပေါ့။ နောက်တခုက အဲဒိအသင်းအပင်းများကို လွတ်လပ်တဲ့အသင်းအပင်းများကို ဖွဲ့စည်းတဲ့နေရာမှာလည်း အလုပ်သမားများ သို့မဟုတ်လည်း လယ်သမားများဟာ လွတ်လွတ်လပ်လပ် မိမိတို့ ဆန္ဒသဘောအလျောက်၊ မိမိတို့ ဆန္ဒ သဘောထားတွေနဲ့ ဖွဲ့စည်းနိုင်မယ်ဆိုတဲ့ အချက် ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်တယ်ပေါ့လေ။ အဲဒါဆိုရင် အလွန်ကိုကောင်းမယ့် အနေအထား ဖြစ်မယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာပြည်မှာ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ဒီမိုကရေစီခေတ်မှာလည်း ယူဘီစီတို့ ၊ ဘီယူစီတို့ စသည်ဖြင့် အဖွဲ့အစည်းတွေပေါ်လာတဲ့အခါမှာလည်း အများအားဖြင့်တော့ နိုင်ငံရေးပါတီ များရဲ့ လက်အောက်ခံ အဖွဲ့အစည်းများလို ဖြစ်တဲ့အခါကျတော့ မကြာခဏ အလုပ်သမားတွေကြားမှာ နိုင်ငံရေး အခြေခံတွေပေါ်မှာ မူတည်ပြီးတော့ ခိုက်ရန်ဖြစ်ပွားတာတွေ၊ အငြင်းအခုံတွေ ဖြစ်ပွားတာတို့ ရှိခဲ့ဖူးပါတယ်။ ဒါက တပိုင်းပေါ့။ နောက်တပိုင်းကတော့ ဒီအလုပ်သမားအဖွဲ့အစည်းများက ဖွဲ့စည်းတဲ့နေရာမှာ လွတ်လွတ်လပ်လပ်ဖွဲ့ စည်းခွင့် မရှိဘဲနဲ့ အစိုးရတို့ သို့ဖြစ်လည်း အာဏာပိုင်အဖွဲ့အစည်းများကနေပြီးတော့ ညွှန်ကြားတဲ့အတိုင်း လိုက်ပြီးတော့ ဖွဲ့စည်းရတဲ့ အခြေအနေနဲ့ ကြုံခဲ့ပါတယ်။ အထူးသဖြင့် မဆခေတ်ပေါ့ဗျာ။ အဲဒိအခါကျတော့ အရေးကြီးတဲ့ လက္ခဏာဖြစ်တဲ့ လွတ်လပ်သော အသင်းအပင်းများဆိုတာကလည်း ပျောက်သွားတယ်။ နောက်ပြီးတော့ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိခြင်းဆိုတဲ့ ဒဿနကလည်း ပျောက်သွားတယ်။ အဲဒိ ၂ ခုစလုံး ပျောက်သွားတဲ့ အခါကျတော့ အလုပ်သမားအဖွဲ့အစည်းများ၊ လယ်သမား အဖွဲ့အစည်းများ စတာတွေဟာ မိမိတို့ ဆန္ဒသဘောထားနဲ့ လွတ်လွတ်လပ်လပ်ဖွဲ့စည်းနိုင်တယ်။ မိမိတို့ရဲ့ အကျိုးစီးပွားကို ရှေးရှုပြီးတော့ ဖွဲ့စည်းနိုင်တယ် လှုပ်ရှားနိုင်တယ်ဆိုတာတွေက ပပျောက်သွားတယ်။ အဲဒိ ပပျောက်တဲ့အပေါ်မှာ မူတည်ပြီးတော့ အလုပ်သမား တွေက ပါတီသို့မဟုတ်လည်း အာဏာပိုင်များရဲ့ လိုအပ်ချက် ၊ ညွှန်ကြားချက် အတိုင်းလုပ်ရတဲ့ သဘောမျိုး ရောက်သွား တယ်လို့ ယူဆပါတယ်။

ဦးမောင်မောင်။     ။ ဟုတ်ကဲ့ အခုဒီမှာကတော့ ဆွေးနွေးတာကတော့ အလုပ်သမားသမဂ္ဂပဲဖြစ်ဖြစ်၊ လယ်သမားသမဂ္ဂ ပဲဖြစ်ဖြစ် လုပ်တဲ့နေရာမှာ အရေအတွက်လည်း မထားထားပါဘူး။ ဥပမာ စက်ရုံ တရုံမှာ လူ ၃၀၀၀ ထောင်ရှိလို့ ၅၀ ရာခိုင်နှုန်းရှိရမယ်လို့လည်း မရှိဘဲနဲ့ လူ ၃၀၀၀ ရှိပေမယ့် လူ ၅၀ က ဖွဲ့ချင်တဲ့ဆိုရင် ဖွဲ့ပိုင်ခွင့်ရှိရမယ်ဆိုတဲ့ အနေအထား မျိုး ကိုလည်း ဒီ Freedom of Association လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှု ဆိုတာကို ပြောထား ပါတယ်။ အိုင်အယ်လ်အိုမှာ ပြဌာန်းထားတာကတော့ အလုပ်သမား ဘယ်လောက်ပဲရှိရှိ ဒီအလုပ်သမားတွေက တကယ်လွတ်လွတ်လပ်လပ် မိမိတို့ အကျိုးအတွက် ဖွဲ့စည်းမယ်၊ မိမိတို့ဘာသာ စိတ်ပါလက်ပါ ဖွဲ့စည်းမယ်ဆိုရင် ဖွဲ့ပိုင်ခွင့်ရှိရမယ်ဆိုတဲ့ အနေအထားကိုလည်း အလေးပေးထားပါတယ်။

ဦးဝင်းတင်။          ။ အဲဒိတော့ အခုအတိုင်းဆိုရင် သတင်းတွေလည်း ကြားရတဲ့အရတော့ အိုင်အယ်လ်အိုက ပုဂ္ဂိုလ်များ နေပြည်တော်ကို သွားတဲ့အခါကျတော့ အစိုးရကနေပြီးတော့ လွတ်လပ်စွာ အသင်းအပင်းများ ဖွဲ့စည်း ခွင့်ကို ခွင့်ပြုမယ်ဆိုတဲ့ဟာကို မူကြမ်းတွေ၊ ဘာတွေ ပြတယ်ဆိုတဲ့ သတင်းတွေဘာတွေ တွေ့ရတယ်။ သို့သော် အိုင်အယ်လ်အိုက ပုဂ္ဂိုလ်များ အဆိုအရတော့ မူကြမ်းတွေက ခဏသာ သူတို့ကို ပြတာ။ ကူးယူခွင့်လည်းမရှိဘူး။ ဒါကြောင့် ဒါတွေဟာ စစ်မှန်တဲ့ လွတ်လပ်အသင်းအပင်းများ ဟုတ်နိုင်မယ် မရှိဘူးလို့ သူတို့က ယူဆတယ်။ အဲဒါ ကြောင့် သူတို့ကို လွတ်လပ်သော အသင်းအပင်းများ ဖွဲ့စည်းခွင့်ကို အခုလာမယ့် နိုဝင်ဘာလအတွင်းမှာ အပြီး ဖွဲ့ရင် ဖွဲ့ မဖွဲ့ရင် စုံစမ်းရေးကော်မရှင်တို့ ဘာတို့ ဖွဲ့စည်းမယ်ဆိုတဲ့ဟာ ရာဇသံပေးတဲ့ သဘောမျိုးတောင်မှ အခု နှစ် ၁၀၀ အိုင်အယ်လ်အို ပွဲမှာ ဆုံးဖြတ်တယ်လို့ ကြားရတယ်။ အဲဒါကရော ဘယ်လိုများ အကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲ ခင်ဗျာ။
ဦးမောင်မောင်။     ။ ဟုတ်ကဲ့ အဲဒိမှာ ကျွန်တော်တို့ အထူးသဖြင့် တော်တော်လေးကို အားရှိ သွားတာက အလုပ်ရှင်အုပ်စုရဲ့ခေါင်းဆောင် ပြောတာက သူတို့ ဒီဟာကို ကြားနေရတာက ကြာပါပြီ။ သို့သော်လည်း ဒီဟာကို တကယ်လက်တွေ့မ တွေ့ရတဲ့အတွက် အစိုးရအနေနဲ့ သူတို့ရဲ့ အခွင့်အရေးကို ဆုံးရှုံး သွားပြီလို့ သူကတော့ ပြောချင်တယ်လို့ ပြောပါတယ်။ ပြီးတော့ ဒီဟာကိုမှ မျက်မြင်သက်သေပေါ့၊ လာမယ့် နိုဝင်ဘာမှာ မတွေ့ရဘူးဆိုရင် ဒါက စုံစမ်းစစ်ဆေးရေးကော်မရှင် လုပ်ဖို့သင့်တယ်ဆိုတဲ့ အနေအထားကို တင်ပြပါတယ်။ အလုပ်သမားအဖွဲ့ ကသာ အားလုံး သဘောတူပါတယ်ဆိုတော့ အိုင်အယ်လ်အိုမှာ ရှိတဲ့ အလုပ်ရှင်၊ အလုပ်သမား ဆိုတဲ့ထဲမှာ အလုပ်ရှင်နဲ့ အလုပ်သမား ၂ ဖွဲ့ကနေ သဘောတူထားတဲ့အနေအထားရှိပါတယ်။ ဒီမှာလည်း တချို့အစိုးရတွေကတော့ ဒါကို တော်တော်လေးကို ပြောပါတယ်။ ပြုပြင်ပြောင်းလဲမှု ရှိတယ်ဆိုတာကို ပြောပေမယ့်လို့ တကယ်လက်တွေ့မှာ ဘာမှ မတွေ့ရသေးတော့ ဒါကို လက်မခံနိုင်ဘူးဆိုတာကို ယူဆတယ်။ ဒါပေမယ့် အီးယူနဲ့ပတ်သက်လို့တော့ နည်းနည်း အခက်အခဲရှိတယ်။ အီးယူကိုယ်စားတင်ပြတဲ့ ဟန်ဂေရီ ကတော့ ဒီလုပ်ငန်းနဲ့ပတ်သက်ရင် နည်းနည်းအချိန်ပေးပါအုံး နိုဝင်ဘာကျော်ပြီးတော့ပဲ ပေးပါဆိုတဲ့ အနေအထားမျိုးပြောတယ်။ ကျွန်တော်တို့ ဒီဘက်က အားလုံးက ပြန်ပြောထားတာကတော့ နိုဝင်ဘာမတိုင်ခင်မှာ ကျွန်တော်တို့ ဦးဆောင်ကော်မတီ governing body meeting မတိုင်ခင်မှာ အလုပ်သမား အသင်းအပင်းစုဖွဲ့မှုနဲ့ပတ်သက်ပြီးတော့ စာရွက်စာတမ်း မျက်မြင်သက်သေ ပြဖို့လိုပါ တယ်။ ဒါမှသာလျှင် Commission of Inquiry ဖွဲ့ခြင်း မဖွဲ့ခြင်း စဉ်းစားပါမယ်ဆိုတာကို ပြောတယ်။ ဒီအပြင့်ကို အလုပ်သမားတွေက ပြောတာကတော့ ဥပဒေကို တွေ့ရုံတင်မကဘူး။ လက်တွေ့ ဥပဒေကို ဘယ်လိုကျင့်သုံးမလဲဆို တဲ့ဟာကို ပြောဖို့လိုပါတယ်ဆိုတာကို ပြောထားပါတယ်။

ဦးဝင်းတင်။          ။ အဲဒိဟာက အလွန်ကောင်းတဲ့ အနေအထားပေါ့လေ။ အဆင့် ၂ ဆင့် ချည်ထားတဲ့ သဘောပေါ့။ ဒါပေမယ့်လို့ အဲဒိကော်မရှင် ဖွဲ့ခြင်းဆိုတဲ့ဟာက ဘယ်လိုများ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။ အဲဒါကို ဘယ်လိုများ နားလည်ပါသလဲ။

ဦးမောင်မောင်။     ။ ဒီလိုပါခင်ဗျ။ အဓမ္မလုပ်အားပေးနဲ့ပတ်သက်ရင် အခုဆိုရင်  မြန်မာပြည်မှာ ဆက်ဆံရေးရုံးဖွင့်ထားတယ်လေ။
ဒါက သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှာ ဆက်ဆံရေးရုံးပေါ်လာတယ်။ ပေါ်လာဖို့က အရင်ဆုံး ၁၉၉၈ ခုနှစ် မှာ အဓမ္မလုပ်အားပေးမှုကို မရပ်ဆိုင်းတဲ့အတွက် ကြောင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရပါတယ်။ မြန်မာပြည်ထဲကို ပေးမ၀င်ပါဘူး။ သို့သော် နယ်စပ် ဒေသတွေမှာ စုံစမ်းစစ်ဆေးရေးတွေလုပ်တယ်။ ဒီအပြင့် ဂျီနီဗာမှာ  ၂ ဦး ၂ ဖက် အမှုတင်တဲ့သူ မရှိဘူးလို့ပြောတဲ့အစိုးရကို ခေါ်ပြီးတော့ မေးတဲ့အချိန်မှာ ဒီစုံစမ်းစစ်ဆေးရေး ကော်မရှင်ကနေ ဒါကို ပပျောက်ဖို့အတွက် ရုံးလိုပါတယ်လို့ပြောလာတဲ့နောက်မှာ ဒီရုံးကို ကျွန်တော်တို့ လုပ်လာတဲ့ကိစ္စဖြစ်တယ်။ အခုရှိတဲ့ ရုံးကတော့ အဓမ္မလုပ်အားပေးမှု  ပပျောက်ရေးအတွက်ပဲ တိုက်ရိုက် သက်ဆိုင်ပါတယ်။ အသင်းအပင်းဖွဲ့စည်းမှုနဲ့ ပတ်သက်တဲ့ ကိစ္စကို တိတိကျကျ အကယ်၍ ဖြေရှင်းမှု ရှိမလာဘူး၊ ဥပဒေကို တင်မလာဘူးဆိုရင် ကော်မရှင်ကို ဖွဲ့ပါ လိမ့်မယ်။ ကော်မရှင်ကတော့ အပြည်ပြည်ဆိုင်ရာမှာရှိတဲ့ အနားယူထားတဲ့ တရားသူကြီး တွေ၊ chief legislative တွေ ပါပါလိ့မ်မယ်။သူတို့ကနေမှတဆင့် တကယ်ကိုပဲ စစ်ဆေးပြီးတဲ့ နောက်မှာ တကယ်ကိုပဲ ပြုပြင်ပြောင်းလဲမှု မရှိသေး ဘူးဆိုရင်တော့ လိုအပ်ရင် နောက်ထပ် အိုင်အယ်လ်အို ရုံး၊ နောက်ထပ် အသင်းအပင်းရုံး နဲ့ပတ်သက်တဲ့ တာဝန်ခံ ပုဂ္ဂိုလ် တဦးဦးဖြစ်စေ လာထားပြီးတဲ့နောက်မှာ မြန်မာပြည်မှာ အသင်းအပင်းဖွဲ့စည်းမှု ရှိမရှိ၊ အမှုအခင်း တွေကို အခုလိုပဲ လုပ်မယ့်လုပ်ငန်းတခုဖြစ်ပါတယ်။

ဦးဝင်းတင်။          ။ ကောင်းပါတယ်။ တော်တော်လေးကို ရှင်းပါတယ်။အခုဟာကတော့ မြန်မာပြည်မှာ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ နှောင့်နှေးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော် နည်းနည်းစဉ်းစားစေချင်တာ ကတော့ ရှိပါတယ်။ မြန်မာပြည်မှာကတော့ ဒီလိုလွတ်လပ်စွာ အသင်းအပင်းတွေ ဖွဲ့စည်းတဲ့ဟာက မရှိတာ နှစ်ပေါင်းကို ၄၀ ၊ ၅၀ ရှိပြီးခဲ့ပြီကိုး။ ဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့လုပ်ချင်တဲ့ ဆန္ဒမရှိဘူးဆိုတာက တပိုင်းပေါ့လေ။ သို့သော် အဲဒိလိုလုပ်ချင်တဲ့ ဆန္ဒမရှိခြင်း ကို သူတို့ ဘယ်လောက်အထိ ရှောင်လွှဲလို့ရမလဲ။ သို့မဟုတ်ရင်လည်း ရှောင်လွှဲမယ့် သီးခြားပုံသဏ္ဍန်တွေများ ရှိလာနိုင်မလား။ ဘယ်လိုများ စဉ်းစားမိလဲ။ ဆိုပါတော့ ဥပမာ သူတို့ဖွဲ့တဲ့ပုသဏ္ဍာန်က မဆလခေတ်တုန်းက လုပ်ခဲ့သလို  အလုပ်သမားအဖွဲ့ကြီး အစည်းအရုံးကြီးပေါ့၊ လယ်သမား အစည်းအရုံးကြီးဆိုတဲ့ဟာမျိုး အဲဒါမျိုး အလားအလာတွေရော ရှိနိုင်သေလား။ ဘယ်လိုများ နားလည်ထားပါသလဲ။

ဦးမောင်မောင်။     ။ ဟုတ်ကဲ့ ဥပမာဆိုရင်ပေါ့ဗျာ။ လွန်ခဲ့သော ၃ နှစ်လောက်ကနေပြီးတော့ အလုပ်သမားကိုယ်စား လှယ်ဆိုပြီးတော့ ခေါ်လာပါတယ်။ ခေါ်လာတဲ့ပုဂ္ဂိုလ်တွေကလည်း အမှန်တကယ်ပဲ အထည်ချုပ်လုပ်ငန်းက ပုဂ္ဂိုလ် တွေဖြစ်တယ်။ ဒါပေမယ့် ခေါ်လာပုံ ခေါ်လာနည်းက မဟုတ်ပါဘူး။ မဟုတ်တဲ့အတွက်ကြောင့် ညွှန်ချုပ်ကနေပြီး မင်းလိုက်သွားဆိုတဲ့ပုံစံမျိုး အိုင်အယ်လ်အိုက လက်မခံပါဘူး။ ကန့်ကွက်ခဲ့ပါတယ်။ အဲဒိတော့ ဘယ်လိုပဲ နိုင်ငံလုံး ဆိုင်ရာ အလုပ်သမားအစည်းအရုံးတို့၊ နိုင်ငံလုံးဆိုင်ရာ လယ်သမားအစည်းအရုံးတို့ ဖွဲ့သည့်တိုင်အောင် လွတ်လပ် စွာ ရွေးချယ် တင်မြှောက်ခြင်းမဟုတ်ဘူး။ မိမိသဘောအရ မိမိရဲ့ လိုအပ်ချက်တွေကို ကာကွယ်ဖို့ ဖွဲ့တာမဟုတ်ဘူးဆို ရင်တော့ အိုင်အယ်လ်အိုက လက်ခံမှာမဟုတ်ပါဘူး။ ဒီလိုလည်း အာဏာရှင်စနစ်တွေ၊ တပါတီစနစ်တွေက ကျင့်သုံးထားတာကို အိုင်အယ်လ်အိုသာမက အိုင်အယ်လ်အိုမှာပါတဲ့ အလုပ်သမားသမဂ္ဂတွေ လည်း တောက်လျှောက်တွေ့နေရတဲ့ အတွက်ကြောင့် ခုနက ပြောတဲ့ဟာက ဥပဒေကို ပြုရုံတင်မကဘူး ဥပဒေကို ဘယ်လိုကျင့်သုံးမလဲဆိုတာကိုလည်း ကြည့်မယ်ဆိုတာကို အလုပ်သမားသမဂ္ဂက ထည့်ပြီး ပြောထားခြင်းဖြစ်ပါတယ်။

ဦးဝင်းတင်။          ။ ကောင်းပါတယ်။ ကျွန်တော်တို့က ဘာလဲဆိုတော့ လွန်ခဲ့တဲ့ ၂၀၀၉ ၊ ၂၀၁၀ ထဲမှာ ရန်ကုန်မှာ ရှိတဲ့ စက်မှုဇုံတွေမှာ အလုပ်သမားသပိတ်တွေ အများကြီးပေါ်တဲ့အခါကျတော့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်း မှုတွေ မရှိတဲ့အခါကျတော့ အလုပ်သမားတွေကလည်း သူတို့ကို အကာအကွယ်ပေးမယ့် အဖွဲ့အစည်းမရှိတော့ဘူး။ သပိတ်မှောက်တာက မှောက်တာပဲရှိတယ်။ အဲဒိတော့ အစိုးရကိုယ်၌ကလည်း ဘာမှ အကာအကွယ်မပေးဘူးပေါ့။ ဘယ်လိုဟာမျိုးလဲဆိုရင် အစိုးရကနေပြီးတော့ အလုပ်သမားသပိတ်ရှိတယ်ဆိုရင် အဲဒိစက်ရုံ အလုပ်ရုံကို သက်ဆိုင် ရာ တာဝန်ရှိတဲ့သူတွေ လာကြတယ်ဆိုပေမယ့်လို့ အလုပ်သမားဝန်ကြီးတို့ ပုဂ္ဂိုလ်မျိုးတွေက မရောက်လာဘဲနဲ့ ရဲချုပ်တို့ဘာတို့ ကရောက်လာတယ်။ ရောက်လာတဲ့အခါမှာလည်း သေနတ်ကိုင် ရဲတပ်ဖွဲ့တွေ အများကြီး ပါလာတယ်။ နောက်တခါ မီးသတ်ပိုက်တွေ၊ ဘာတွေနဲ့ လာကြတယ်ဆိုတဲ့ အခါကျတော့ အလုပ်သမားတွေရဲက ပြဿနာကို ဖြေရှင်းပေးဖို့ဆိုတာထက် သဘောထက် အလုပ်သမားတွေကို ခြိမ်းခြောက်တဲ့ အနေအထားတွေ အများ ကြီး ဖြစ်ခဲ့တာကိုး။ အဲဒိအခါကျတော့ ဦးမောင်မောင်ပြောတဲ့အတိုင်းပဲ ဒီအလုပ်သမား ဥပဒေတွေပြဌာန်းထားတဲ့ နောက် ဒီဥပဒေတွေကို ဘယ်လိုအကောင်အထည်ဖော်လဲဆိုတာ အဲဒိလိုကိစ္စတွေကိုပါ သွားပြီးတော့ အကျုံးဝင်လိမ့် မယ်ဆိုတာကို ကျွန်တော်ယူဆပါတယ်။ အဲဒိလိုဖြစ်မှလည်း ဒီအလုပ်သမားတွေရဲ့ အခွင့်အရေးတွေက ပြည့်ပြည့်၀၀ ရမှာပဲ။ နောက်ဆို ဥပဒေတွေက ဥပဒေပေါ်ပဲရှိပြီးတော့ အကောင်အထည်ဖော်တဲ့နေရာမှာကျတော့ အာဏာပိုင်တွေ က သူတို့ လိုချင်တဲ့ပုံစံ အကောင်အထည်ဖော်မယ်ဆိုရင်တော့ ဘာမှထိရောက်တဲ့အနေအထား ရှိမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်နည်းနည်းလေး ဆန့်ပြီးတော့ ဆွေးနွေးကြည့်ချင်တာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ကိစ္စပဲ အဓိက ထားမှာပေါ့။ ဒါပေမယ့်လို့ စောစောက ကျွန်တော်ပြောခဲ့သလိုပဲ လွတ်လပ်သော အသင်းအပင်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ဆိုတဲ့ philosophy ဆိုတာက ကျွန်တော်တို့တိုင်းပြည်မှာ အဖွဲ့အစည်းဆိုတာကို ဖွဲ့ခွင့်ကို မရှိသလိုဖြစ်နေတဲ့အခါကျတော့ ဒီအလုပ်သမား၊ လယ်သမား ကိစ္စမျိုးတွေတင်မကဘဲ ကျောင်းသားသမဂ္ဂလိုဟာမျိုး အကျုံးဝင်နိုင်မလားပေါ့။ ကျန်တဲ့လုပ်ငန်းခွင်တွေမှာပေါ့နော်၊ သီးခြား လေးတွေများ ဖွဲ့တဲ့အနေအထားမျိုးလေးတွေ ဖြစ်လာနိုင်မလား။

ဦးမောင်မောင်။     ။ ဒါကို ကျွန်တော်တို့ ကတော့ တောင်းဆိုမှကို ရမှာပေါ့။ ကျွန်တော့်အနေနဲ့ ကတော့ အလုပ်သမားတွေအနေနဲ့လည်း ဥပဒေပြုခြင်းက တခု အိုင်အယ်လ်အိုက တခု သို့သော် ကိုယ်ကိုတိုင်လည်း ကိုယ့်ဘာသာကိုယ် ကိုယ့်ရဲ့လိုအပ်ချက်အရ စားဝတ်နေရေးပြဿနာကို စုပေါင်းပြီးတင်ပြဖို့ ဆွေးနွေးဖို့ ၊ အခု ပဲခူးမှာ ဖြစ်တဲ့အဖြစ်အပျက် ၊ လှိုင်သာယာမှာ ဖြစ်တဲ့အဖြစ်အပျက် အဲဒါတွေအားလုံးက အင်မတန်ကောင်းတယ်။ အိုင်အယ်လ်အိုမှာ ရောက်ရှိလာတဲ့အနေအထားက အဲဒါတွေအားလုံးရဲ့ ပံ့ပိုးမှုကြောင့်လို့ထင်ပါတယ်။ ဒီလိုဆိုတော့ ကျောင်းသားသမဂ္ဂလည်း ဒီလိုပဲ ဖြည်းဖြည်းနဲ့တော့ တွန်း ယူသွားရမှာပေါ့ခင်ဗျာ။

ဦးဝင်းတင်။          ။ ကိုင်း ဦးမောင်မောင်ရေ စကားပြောလို့တော့ ကောင်းတယ်ခင်ဗျာ အချိန်ကလည်း နည်းသွားပြီ ခင်ဗျ၊ ဦးမောင်မောင်နဲ့ဆွေးနွေးရတာ ကျွန်တော်တို့လည်း အများကြီး အသိတွေ ၊ အမြင်တွေ ရပါတယ်။ အဲဒိတော့ ကျွန်တော်တို့ပြောချင်တာကတော့ ဘာပဲပြောပြော အခု ဦးမောင်မောင်ပြောတဲ့အတိုင်းပဲ ဒါတွေက ဆန့်ပြီးတော့ ယူဆမယ်ဆိုရင် ရတယ်။ အမေရိကားလို နေရာမျိုးကျတော့ ဒီလွတ်လပ်သော အသင်းအပင်းများဆိုတဲ့ နေရာမှာ အဖွဲ့အစည်းပေါင်းစုံ၊ အလုပ်သမားတွေ၊ လယ်သမားတွေ  မဟုတ်တော့ဘဲနဲ့ ဖွဲ့လို့ရတဲ့ဆိုတာကို ကြားရတော့ ၀မ်းသာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်သဘောကတော့ လွတ်လပ်သော အသင်းအပင်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့် ဒီဒဿနကို ကျေနပ်အားရပါတယ်။ အဲဒါကြောင့် အဲဒိလုပ်ငန်းတွေ ဆက်ပြီးတော့ အောင်မြင် အောင် ၊ အကောင်အထည်ဖော်နိုင်အောင် မြန်မာပြည်မှာတော့ နောက်ပိုင်း စုံစမ်းရေးကော်မရှင်ဖွဲ့တဲ့အဆင့်အထိ ရောက်မှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လာမယ့် နိုဝင်ဘာလကျရင်လည်း သူတို့ သိပ်ဖြစ်ဖို့ သိပ်ရှိဖို့ လမ်းတော့ သိပ်မထင်ပါဘူး။ အဲဒိတော့ ဒီလို အနေအထားတွေ ပေါ်လာတဲ့အခါကျရင်တော့ အဆင့်ဆင့်နဲ့ မြန်မာပြည်မှာ လွတ်လပ်တဲ့ အသင်းအပင်းများပေါ်ပေါက်ရေးအတွက်ကို လမ်းခင်းပေးနိုင်လိမ့်မယ်လို့ ယူဆရင်း ကျွန်တော်ပြော ချင်တဲ့ ဟာတော့ နိဂုံးချုပ်ပါတယ်။ဦးမောင်မောင် သုံးသပ်ချက်လေးပြောပြီး ကျွန်တော်တို့ နိဂုံးချုပ်ကြရအောင်ခင်ဗျား။

ဦးမောင်မောင်။     ။ ဟုတ်ကဲ့ခင်ဗျာ။ ကျွန်တော်တို့ကတော့ တောက်လျှောက်ပဲ အဓမ္မလုပ်အားပေး ကိစ္စကို ယန္တရားပေါ်အောင် ကြိုးစားသလို အခု လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှုနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ ဖြစ်ပေါ်လာဖို့အတွက်ကို အိုင်အယ်လ်အို ကနေတဆင့် ကျွန်တော်တို့ ယန္တရားဖြစ်အောင် ကြိုးစားပါမယ်။ ကျွန်တော်တို့ ကြိုးစားသလိုပဲ အထဲက ပုဂ္ဂိုလ်တွေအားလုံးကိုလည်း ပြောချင်တာကတော့ ကိုယ်လုပ်တဲ့ အလုပ်က အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။ မနှစ်က လှိုင်သာယာမှာ တောင်ဒဂုံ၊ မြောက်ဒဂုံမှာ ဖြစ်တဲ့ အမှုပေါင်းက ကျွန်တော်တို့ မှတ်တမ်းလုပ်ထားတာ အားလုံးပေါင်း ၃၃ တွဲရှိပါတယ်။ တောင်းဆိုမှုတွေပေါ့။ အဲဒိမှာ ပြေလည်တာ ရှိတယ်။ မပြေလည်တာရှိတယ်။ ဒါပေမယ့် အဲ့ဒါတွေအားလုံးက အိုင်အယ်လ်အိုမှာလာပြီးတော့ ရိုက်ခတ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်က အိုင်အယ်လ်အိုအပေါ်မှာ အများကြီးသက်ရောက်မှုရှိပြီး ကိုယ့်အပေါ်လည်း အကျိုးရှိပါမယ်လို့ အားလုံးကို ပြန်တင်ပြချင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment